(COVID-19) ရောဂါကူးစက်မှု ကာကွယ်ဖို့အတွက် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ဂိတ်တွေကို အသွားအလာ ပိတ်ထားတယ်လို့ ကြားသိရပါတယ်။
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP) ဒေသအခေါ်အဝေါ် - ကယောနီအဖွဲ့ကနေ ဖရူဆို- ဟိုယာလမ်း ၈ မိုင်ဂိတ်ကို မတ်လ ၂၀ ရက်ကစ သူစိမ်းအဝင်အထွက် တားမြစ်ပိတ်ပင်ထားတယ်လို့ (KNPDP) ထိန်းချုပ်နယ်မြေ ရာဧပရားအုပ်စုနဲ့ ဒိုးလာစောအုပ်စု ဒေသန္တရအုပ်ချုပ်ရေးမှူး ဦးမိုင်ကယ်က ပြောပါတယ်။
“ဆေးစစ်ကတ် မပါတဲ့သူတွေ ရွာထဲမဝင်ခိုင်းဘူး။ အများအားဖြင့် နယ်စပ်ကနေပြန်လာတဲ့သူတွေ၊ နိုင်ငံခြားကနေပြန်လာတဲ့သူတွေကိုတော့ ၁၅ ကြာ ကျန်းမာရေးစစ်ဆေးထားတဲ့ စိစစ်ခံထားတဲ့ ထောက်ခံစာပါမှရွာထဲပေးဝင်မယ်” လို့ ဦးမိုင်ကယ်က ပြောပါတယ်။
ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာတော့ KNPDP ဂိတ်ရှိသလို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဂိတ်လည်းရှိပါတယ်။ ၎င်းဒေသဘက်မှာဆိုရင် ခရီးသွားလုပ်ငန်းအနေနဲ့ ဆင်ဖြူတောင်ကို လူသွားလူလာများနေကြပေမယ့်လည်း အခုချိန်မှာတော့ လူသိပ်မလာတော့ဘူးလို့သိရပါတယ်။
ထိုင်း၊ကယား နယ်စပ်အဝင်အထွက် ဂိတ်တွေကိုတော့ အားလုံးပိတ်ထားတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ လွိုင်ကော်ဆက်ဆံရေး ဒုတာဝန်ခံ ဦးဖိုးရယ်က ပြောပါတယ်။
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိုဆိုကျေးရွာအုပ်စုတွေဘက်မှာတော့ အသိပညာပေးစာစောင်တွေ စတင်ဖြန့်ဝေပေးနေတာတွေလုပ်နေတယ်လို့ မိုဆိုကျေးရွာအုပ်စုဥက္ကဌ ဦးထျရုက ပြောပါတယ်။
နိုင်ငံခြားကနေပြန်လာတဲ့သူတွေကိုတော့ သက်ဆိုင်ရာ ဆေးခန်းတွေကို အကြောင်းကြားထားပြီး ၊ မိသားစုနဲ့ ၁၄ ရက်အတွင်း မနေထိုင်ဖို့ ပြောဆိုထားတယ်လို့လည်း ဦးထျရုကပြောပါတယ်။
ဒီနေ့အတွင်းမှာပဲ ဖရူဆိုမြို့ဆေးရုံမှာ နိုင်ငံခြားကနေ ပြန်လာတဲ့ သံသယလူနာ ၂ ဦးရှိတယ်လို့ကြားသိရပါတယ်။
လက်ရှိအခြေအနေမှာ (COVID-19) ဗိုင်းရပ်ကူးစက်ခံရသူ မြန်မာနိုင်ငံအတွင်း ၃ဦးရှိနေပြီဖြစ်တဲ့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ရောဂါကာကွယ်မှုတွေ ပြင်ဆင်နေကြတာဖြစ်ပါတယ်။
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခု၏ ဂိတ်ကို ယခင်က မြင်တွေ့ခဲ့ရစဉ်။







