ငြိမ်းချမ်းရေးအတုအယောင် မလိုချင်ဘူးလို့ ကလလတ ဆို

ငြိမ်းချမ်းရေးအတုအယောင် မလိုချင်ဘူးလို့ ကလလတ ဆို
ကလလတ အဖွဲ့မှ ၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့တဲ့ နှစ် (၄၀) မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား (ဓါတ်ပုံ – Karenni Post (Facebook))
ကလလတ အဖွဲ့မှ ၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့တဲ့ နှစ် (၄၀) မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား (ဓါတ်ပုံ – Karenni Post (Facebook))

စာရွက်ပေါ်မှာပဲ သဘောတူ ရေးထားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က အားရကျေနပ်မှု မရှိတဲ့အတွက် အတုအယောင်ငြိမ်းချမ်းရေးကို မလိုချင်ဘူးလို့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ဗဟိုကော်မတီ ဗဟိုနိုင်ငံရေးဌာနမှ တာဝန်ရှိသူ မာကုအီချစ်ထွန်းက ပြောပါတယ်။

“ကျွန်တော်တို့က တကယ့် ဒီငြိမ်းချမ်းရေးက သိပ် အရေးကြီးတာပေါ့။ ဒါပေမဲ့ ဒီ ငြိမ်းချမ်းရေး အတုအယောင်ဖြစ်တဲ့ ငြိမ်းချမ်းရေးတော့ ကျွန်တော်တို့ မလိုချင်ဘူး။ အပေါ်ယံသဘောနဲ့ စာရွက်ပေါ်မှာ ရေးထားတဲ့ ငြိမ်းချမ်းရေးလိုမျိုး ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ အားမရဘူး။ ဒါ ငြိမ်းချမ်းရေးလို့တော့ ကျွန်တော်တို့ ခေါ်လို့လည်း မရပါဘူး” လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင်တော့ ပြည်နယ်မှာ သက်ဆိုင်ရာ အစိုးရအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကိုက်ညီတဲ့ ငြိမ်းချမ်းရေးအခြေအနေကို တိုက်တွန်းလုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ကယားပြည်နယ်အတွင်းမှာ အဓိက ကြုံတွေ့နေရတဲ့ ပြဿနာတွေကတော့ နိုင်ငံရေး၊ လူမှုရေးပြဿနာတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ တောင်သူအရေးကိစ္စရပ်တွေ ဖြစ်ပါတယ်။

ထိုအချက်တွေကို ကြည့်ခြင်းအားဖြင့် လက်ရှိ ကရင်နီပြည်နယ်မှာ ငြိမ်းချမ်းရေး မရသေးဘဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမယ်ဆိုရင် ကိုယ်ရဲ့ပိုင်ဆိုင်မှုတွေကို ပိုင်ဆိုင်ရမယ်လို့ လူငယ်ရေးရာဌာန ဒုတာဝန်ခံ အလင်းက သုံးသပ် ပြောဆိုသွားပါတယ်။

“တစ်ကယ်တမ်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမယ်ဆိုရင်တော့ ကျွန်တော်တို့ကလည်း ကိုယ့်အိမ်ကိုယ်အိုးနဲ့ ကိုယ့်မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ နေချင်ကြမှာပဲပေါ့နော။ အဲဒါ ကျွန်တော်တို့ ပိုင်ဆိုင်နေကြ ကျွန်တော်တို့လယ်မြေတွေ၊ ကျွန်တော်တို့ ဓလေ့ထုံးတမ်း၊ ကျွန်တော်တို့ ယဉ်ကျေးမှုကို ကျွန်တော်တို့ လွတ်လပ်စွာ လှုုပ်ရှားပိုင်ခွင့်ရှိပြီဆိုတာကတော့ ငြိမ်းချမ်းရေးတစ်စုံတစ်ရာရမယ်ဆိုရင် တာက ကျွန်တော်တို့ပိုင်ဆိုင်ရမှာပဲပေါ့” လို့ ပြောခဲ့ပါတယ်။

ကယားပြည်နယ်ဟာ သယံဇာတ အများအပြားထွက်ရှိတဲ့ ပြည်နယ်ဖြစ်ပြီး တကယ့် ငြိမ်းချမ်းရေး အစစ်အမှန်သာ ရမယ်ဆိုရင် ပြည်သူတွေအတွက်လည်း အခွင့်အရေး ရှိလာမယ်လို့ မာကုအီ ချစ်ထွန်းက ဆက်ပြောပါတယ်။

“ကျွန်တော်တို့ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးရတယ်ဆိုရင်တော့ ကျွန်တော်တို့ ပြည်သူတွေအတွက်ကတော့ အခွင့်အရေး အများကြီးရမှာ။ ကျွန်တော်တို့ ပြည်နယ်မှာ သယံဇာတတွေ အများကြီးရှိတယ်။ အဲတော့ ကျွန်တော်တို့ဟာနဲ့ ကျွန်တော်တို့ လုပ်လို့တောင် လောက်တယ်။ ဘယ်သူမှ ကျွန်တော်တို့ကို ပံ့ပိုးစရာတောင် မလိုဘူး။ အဲလိုဟာမျိုးတော့ ခံစားခွင့် အပြည့်အ၀ ရှိပါတယ်” လို့ ပြေားခဲ့ပါတယ်။

ပြည်သူလူထုတွေ လွတ်လပ်စွာ ပြောဆိုခွင့် မရှိတာတွေ၊ သွားလာခွင့် မရှိတာတွေ၊ အဟန့်အတားတွေ ရှိနေတာဟာလည်း ငြိမ်းချမ်းရေး မရသေးတာလို့ ဆိုပါတယ်။

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ဟာ ဦးစန္ဒာနှင့် ဦးထွန်းကျော်တို့ ဦးဆောင်ပြီး ၁၉၇၈ ခုနှစ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ)မှ ခွဲထွက်ခဲ့ကာ ၁၉၉၄ ခုနှစ် မေလတွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့ပြီးနောက် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...