ကယားထဲ — ကယား(ကရင်နီ)ပြည်နယ်ကနေ ထွက်တဲ့ သီးနှံမျိုးရင်းတွေနဲ့ ထွက်ကုန်ပစ္စည်းတွေကို တခြားတိုင်းတစ်ပါးကနေ မူပိုင် ယူသွားနိုင်တဲ့အတွက် အသင်းအဖွဲ့တွေ ဖွဲ့ပြီးတော့ အမြန်ဆုံး အကာအကွယ်ပေးဖို့ လိုအပ်နေပြီ ဖြစ်တယ်လို့ မူပိုင်ခွင့်ဥပဒေအတိုင်ပင်ခံ ဦးသန်းမောင်က ပြောပါတယ်။
ကယားရိုးရာအစားအစာတွေ ချက်ပြုတ်ရာမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးတဲ့ မှည့်ခါသီးတို့ဆိုရင် ကယားပြည်နယ်နဲ့ နီးစပ်တဲ့ ထိုင်းနိုင်ငံတွေမှာ စိုက်ပျိုးလာတာ ရှိတယ်လို့ ကြားသိရတာကြောင့် မူပိုင်ခွင့်နဲ့ ကာကွယ်ထားဖို့ လိုအပ်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
“အသင်းအဖွဲ့တွေ ဖွဲ့ဖို့ လိုကောင်းလိုလာလိမ့်မယ်။ ခင်ဗျားတို့ရဲ့ မက်ခါသီး စိုက်ပျိုးသူများအသင်း၊ ဝက်အူချောင်းထုတ်လုပ်သူများအသင်း၊ ဥပမာ မော်လမြိုင်တို့မှာ ရှိတယ်။ ကျွဲကောသီးစိုက်ပျိုးသူများအသင်း၊ ဒူးရင်းသီးထုတ်လုပ်သူများအသင်းဆိုပြီး သူတို့က သူတို့ဒေသမှာ ထွက်တဲ့ သီးနှံတွေ၊ ဒူးရင်းသီးတွေကို ကာကွယ်ပေးဖို့။ အဲဒါက တစ်ဦးတစ်ယောက်ကနေ ကာကွယ်ပေးလို့မရဘူး”လို့ ဦးသန်းမောင်က ပြောပါတယ်။
မူပိုင်ခွင့်ဥပဒေက လက်ရှိ အတည်မပြုရသေးတာကြောင့် နစ်နာမှုတွေ ရှိလာပြီဆိုရင် တခြား တရားမမှုဥပဒေတို့၊ သက်ဆိုင်ရာ တိုင်းရင်းသားယဉ်ကျေးမှုအကာအကွယ်ပေးတဲ့ ဥပဒေတို့၊ နိုင်ငံသားအခွင့်အရေးဥပဒေတို့၊ ယှဉ်ပြိုင်မှုဥပဒေတို့၊ စားသုံးသူရေးရာဥပဒေတို့နဲ့ အကာအကွယ် လုပ်ထားဖို့ လိုနေပြီဖြစ်တယ်လို့ ကန္တာရဝတီတိုင်း(မ်)မှတဆင့် အကြံပေး ပြောဆိုသွားပါတယ်။
မူပိုင်ခွင့် ဥပဒေနဲ့ ပြည်နယ်ရဲ့ ထွက်ကုန်တွေကို ဘယ်လို ကာကွယ်သွားမလဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတခုကို ကယားပြည်က စီးပွားရေးလုပ်ငန်းရှင်တွေ၊ စတင်တည်ထောင်လိုသူတွေ၊ ဥပဒေအကျိုးဆောင်သူတွေနဲ့ စိတ်ပါဝင်စားသူတွေ၊အနုပညာ တီထွင်ဖန်တီးသူတွေက ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့မှာ လွိုင်ကော် YGN food house မှာ အခမ်းအနားနဲ့ ကျင်းပသွားခဲ့ပါတယ်။
အခမ်းအနားမှာတော့ မြန်မာနိုင်ငံမူပိုင်ခွင့်ဥပဒေများ မိတ်ဆက်ခြင်းနှင့် ကယားပြည်နယ် အသင်းခွဲဖြစ်မြောက်ရေးအတွက် ဆွေးနွေးသွားခဲ့ကြပါတယ်။
ဒေသထွက် သီးနှံတွေ၊ ကုန်ပစ္စည်းနဲ့ ထွက်ကုန်တွေ၊ ဒီဇိုင်းတွေနဲ့ စာပေအနုပညာတွေ ၊ ကြော်ငြာတွေ၊ ရုပ်ရှင်လုပ်ငန်း စတာတွေ အားလုံးကို နိုင်ငံတော်က မူပိုင်ခွင့် လုပ်ပေးရမှာ ဖြစ်တယ်လို့ မူပိုင်ခွင့်ဥပဒေ အတိုင်ပင်ခံ ဦးသန်းမောင်က ပြောပါတယ်။
“အောက်ခြေက ထုတ်လုပ်တဲ့လူ၊ ဝန်ဆောင်မှုပေးနေတဲ့လူ၊ ကုန်ကုန်ပြောမယ်၊ လက်ဖက်ရည်ဆိုင်ဖွင့်တဲ့လူ လက်ဖက်ရည်ရောင်းနေတယ်၊ ပဲပြုတ်သည် ပဲပြုတ်ရောင်းနေတယ်၊ ကန်စွန်းရွက်သည် ကန်စွန်းရွက် ရောင်းနေတာကအစ မူပိုင်ခွင့် ရှိတယ်” လို့ ဦးသန်းမောင်က ဆက်ပြောသွားပါတယ်။
၂၀၂၀ခုနှစ်ရဲ့ နှစ်ဝက်လောက်မှာတော့ ဒီ မူပိုင်ခွင့်ဥပဒေကို အတည်ပြုနိုင်ပြီဆိုရင်တော့ ရိုးရာအစားအသောက်၊ ဒေသထွက်ကုန်တွေဖြစ်စေ၊ လုပ်ငန်း အကြီးအသေးဖြစ်စေ၊ အနုပညာရှင်တွေရဲ့တီထွင်ကြံဆမှုတွေဖြစ်စေ မူပိုင်အဖြစ်နဲ့ မှတ်ပုံတင်ထားနိုင်ပြီ ဖြစ်ပါတယ်။ ဒီလို ဥပဒေနဲ့အညီ မှတ်ပုံတင်ထားပြီဆိုပါက ငှားရမ်းသုံးစွဲတာတွေ၊ ရောင်းချတာတွေ၊ အငြင်းပွားမှုတွေ ဖြစ်လို့ ရှိရင်လည်း ဥပဒေက အပြည့်အဝ ကာကွယ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။







