ကယားပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ စစ်တပ်နဲ့ တောင်သူအကြား မြေသိမ်းကိစ္စကို NLD အစိုးရအနေနဲ့ လက်ရှိအချိန်အထိ ကိုင်တွယ်လို့ မရသေးဘူးလို့ လယ်ယာမြေဥပဒေနဲ့ တောင်သူအရေး ဆောင်ရွက်နေတဲ့ ကယားပြည်နယ်အခြေစိုက်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Kayah Earthright Action Network မှ တာဝန်ခံ စောအယ်စေးက ပြောကြားလိုက်ပါတယ်။
စောအယ်စေးက “ဒီ ကရင်နီပြည် (ကယား)အတိုင်းအတာအရ ပြောမယ်ဆိုရင် အစိုးရအနေနဲ့ ဘာမှ ပြောလို့ မရဘူး၊ ပါဝင်ပတ်သက်သူကိုယ်တိုင်က စစ်တပ်ဖြစ်နေတော့ ဘာမှ လုပ်လို့ မရဘူး၊ သူတို့နှုတ်ကကိုယ်တိုင် ပြောတာရှိတယ်၊ ငါတို့ စိစစ်ပြီးပြီလေ၊ ပြန်ပေးဖို့လည်း ဆုံးဖြတ်ပြီးပြီလေ၊ ဒါပေမဲ့ စစ်တပ်က ပြန်မပေးတော့ ငါတို့လည်း ဘာမှ လုပ်လို့ မရဘူးတဲ့၊ အဲဒါ သူတို့စကားက ထွက်လာတဲ့ဟာတွေပဲ”လို့ ပြောပါတယ်။
NLD အစိုးရအနေနဲ့ လယ်ယာမြေနဲ့ အခြားမြေများ စိစစ်ရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီကော်မတီအနေနဲ့ သိမ်းဆည်းမြေနဲ့ပတ်သက်တဲ့ မူဝါဒ၊ စွန့်လွှတ်မြေနဲ့ပတ်သက်တဲ့ မူဝါဒ ရှိတဲ့အပြင် တပ်သိမ်းမြေဆိုတဲ့မူဝါဒကို ရေးဆွဲထားပြီး တပ်သိမ်းမြေမူဝါဒကိုတော့ NLD အစိုးရအနေနဲ့ လုံးဝ ထိလို့မရဘူးလို့လည်း စောအယ်စေးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တောင်သူတွေ တရားစွဲခံနေရတာနဲ့ပတ်သက်ပြီး အမြန်ဆုံး ဖြေရှင်းပေးဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို ပြောကြားခဲ့ပေမယ့် လက်ရှိအချိန်ထိ အခြေအနေမထူးသေးဘူးလို့ ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က တာဝန်ပေးတယ်ဆိုတော့ ကျနော်တို့က မျှော်လင့်တာပေါ့လေ၊ ဒါပေမဲ့ လက်ရှိအခြေအနေအထိ ဘာမှ ထူးမလာသေးဘူး”လို့ ပြောပါတယ်။
ကယားပြည်နယ်မှာ စစ်တပ်က တောင်သူတွေကို တရားစွဲနေတာနဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ၅၈ ကြိမ်မြောက် ကယားပြည်နယ်နေ့ကို တက်ရောက်လာစဉ် ဒေသခံကရင်နီလူငယ်တွေက တောင်းဆိုခဲ့ပါတယ်။
လက်ရှိအချိန်ထိ ကယားပြည်နယ်မှာ တပ်သိမ်းမြေကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်က တောင်သူ ၄၁ ဦးကို တရားစွဲဆိုထားပါတယ်။







