အဖြေရှိဖို့ လိုအပ်နေသေးတဲ့ မြေယာသိမ်းဆည်းမှုပြဿနာ

အဖြေရှိဖို့ လိုအပ်နေသေးတဲ့ မြေယာသိမ်းဆည်းမှုပြဿနာ

ဘိုထီး(ငွေတောင်ပြည်) — ကယား(ကရင်နီ)ပြည်မှာ ဖြစ်ပေါ်နေတဲ့ မြေယာသိမ်းဆည်းမှုပြဿနာကို ဖြေရှင်းနိုင်ဖို့ မဖြေရှင်းနိုင်ဖို့ ဆိုတာက ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုမှု ဘယ်လောက်ရှိလဲ မရှိဘူးလဲဆိုတဲ့ အပေါ်မှာ အဓိကမူတည်ပါတယ်။

ပြည်နယ်အစိုးရက ပြည်နယ်ဒေသတစ်ခုလုံးကို အမှန်တကယ် ကိုယ်စားပြုတယ်ဆိုရင် ဒေသအတွင်းမှာ ဖြစ်ပေါ်နေတဲ့ မြေယာသိမ်းဆည်းမှုပြဿနာကို မဖြေရှင်းပေးနိုင်စရာ အကြောင်းမရှိဘူး။  ဖြေရှင်းနိုင်ဖို့ဆိုရင် ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

ကယားပြည်နယ်အစိုးရအနေနဲ့ သမိုင်းရှိခဲ့ဖူးတဲ့ အစိုးရအဖြစ် ဒေသခံရဲ့ အသိအမှတ်ပြုတာကို ခံချင်တယ်ဆိုရင် ဒေသအတွင်းမှာ ဖြစ်ပေါ်နေတဲ့ မြေယာသိမ်းဆည်းမှု ပြဿနာကို မဖြစ်မနေ ဖြေရှင်းပေးရမှာဖြစ်ပါတယ်။ မဖြေရှင်းပေးနိုင်ဘူးဆိုရင် ရေကြည်လည်းနောက် ခြေရာလည်းပျောက် ဆိုတဲ့အတိုင်း သမိုင်းရှိခဲ့တဲ့ အစိုးရအဖြစ် ဒေသခံက အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။

ပြည်နယ်အတွင်းက ပြဿနာကို မဖြေရှင်းပေးနိုင်တာနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းမှာတာဝန်ရှိတဲ့ ခေါင်းဆောင်တချို့က “အရပ်သားအစိုးရလက်ထက်မှာ အာဏာအပြည့်အဝမရှိဘူး” ဆိုပြီး ပြီးစလွယ်ပဲ ပြောတတ်ကြပါတယ်။

ကယား(ကရင်နီ)ပြည်မှာ ဗိုလ်ချုုပ်ကြေးရုပ်စိုက်ထူတာဟာ ၂၀၀၈ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာ မရှိပါဘူး။ နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ ကရင်နီလူငယ်တွေ ဖမ်းဆီးအရေးယူတာဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ညွှန်ကြားချက်မဟုတ်ပါဘူး။ လူငယ်တွေကို ဖမ်းဆီးအရေးယူတာ၊ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူတာတွေဟာ အရပ်သားအစိုးရလက်ထက်မှာ အဏာ အပြည့်အဝ ရှိတာကြောင့် အဲဒီလို လုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရလက်ထက်နဲ့ နှိုင်းယှဉ်ရင် အခုတက်လာတဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်များဟာ ပြည်သူအတွက် အကျိုးရှိစေမယ့် လုပ်ဆောင်ချက်ထက် ပြည်သူ့အခွင့်အရေးကို နစ်နာစေမည့် လုပ်ဆောင်ချက်က ပိုများနေတာကို တွေ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရမတက်လာခင် ယခင်အစိုးရလက်ထက်က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်းမှာ ပြည်နယ်အဆင့်ကော ပြည်ထောင်စုအဆင့်ကော အကြိမ်ကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။

အခုအစိုးရလက်ထက် ပြည်နယ်ဒေသအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ကြိမ်မျှ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ အရပ်သားအစိုးရလို့ပြောတဲ့ NLD အစိုးရမတက်ခင် ယခင်အစိုးရရဲ့ အုပ်ချုပ်ရေ စနစ်ဟာ အာဏာရှင်စနစ်ဆိုပေမဲ့ ပြည်သူတွေရဲ့ ခံစားချက်ကို အသိအမှတ်ပြုသင့်သလောက် ပြုပေးနိုင်ခဲ့တာကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

စစ်အစိုးရလက်ထက် ပြည်သူများ ကန့်ကွက်ဆန္ဒပြခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပေးတာဟာ ပြည်သူရဲ့ခံစားချက်ကို အသိအမှတ်ပြုတာပဲ ဖြစ်ပါတယ်။

စစ်အစိုးရလက်ထက်တုန်းက ပြည်သူရဲ့ခံစားချက်ကို အသိအမှတ်ပြုရုံမကပါဘူး။ မြန်မာ့တပ်မတော်ဘက်က ရပ်တည်ပြီး အာဏာတည်မြဲဖို့ဆိုတာ လုပ်ဆောင်နေတာလည်း အချို့နေရာများမှာ တွေ့ရှိရပါတယ်။

ဖယ်ဒရယ်ဒီမိုကရေစီဆိုတာ တိုင်းရင်းသားအကျိုးကို ဦးစားပေးတဲ့ စနစ်ဖြစ်ပေမဲ့ အရပ်သားအစိုးရကျင့်သုံးတဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်မှာ တိုင်းရင်းသားအကျိုးအတွက် လုပ်ဆောင်ပေးတာ မတွေ့ရပါဘူး။

ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အရပ်သား အစိုးရဖြစ်ပေမဲ့ လက်တွေ့မှာတော့ စစ်အစိုးရလက်ထက်ကတည်းက ကျင့်သုံးခဲ့တဲ့ အာဏာရှင်စနစ်ကိုသာ ဆက်လက် ကျင့်သုံးနေတာကို တွေ့ရပါတယ်။ အရပ်သားအစိုးရအနေနဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို အမှန်တကယ် ကျင့်သုံးတယ်ဆိုရင် အပြစ်မဲ့တဲ့ တောင်သူတွေကို တရားစွဲဆိုဖို့ မလိုပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ နှစ်နှစ်ဆယ်ပြည့်အခမ်းအနားမှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ကြေညာချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ပါတီသည် “ အများပြည်သူတို့၏ ဆန္ဒနှင့်ကိုက်ညီ၍ အခြေခံလူ့အခွင့်အရေးများကို အာမခံသည့် စစ်မှန်သော ဒီမိုကရေစီအစိုးရဖြစ်လာရန် ခေတ်အဆက်ဆက်၌လည်း မြန်မာနိုင်ငံသည် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနိုင်ငံရေးစနစ် ထွန်းကားလာရန် ကြိုးပမ်းသွားမည်” ဟုဖော်ပြပါရှိပါတယ်။

ကြေညာချက် ထုတ်ပြန်ပြီး လေးလအကြာမှာ ကရင်နီလူငယ်များ ကန့်ကွက်သည့်ကြားကပဲ ကယားပြည်နယ်ပြည်သူပြည်သားရဲ့ အသည်းနှလုံးဖြစ်တဲ့ ကန္ဒာဟေဝန် ပန်းခြံအတွင်းမှာ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို စိုက်ထူရုံမကဘဲ ဆန္ဒပြကန့်ကွက်ခဲ့တဲ့ ဒေသခံတွေကို ရာဘာကျည်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ အပြစ်မရှိတဲ့ တောင်သူများကို တရားစွဲဖမ်းဆီးမှုများ တစ်စတစ်စ ပြုလုပ်လာခဲ့ပါတယ်။ အစိုးရရဲ့ပြောဆိုမှုနဲ့ လက်တွေ့က ကွာဟနေတာကစပြီး ပြည်သူရဲ့ ယုံကြည်မှု တဖြည်းဖြည်း လျော့နည်းလာတာပါ။

အစိုးရနဲ့ ပြည်သူကြား ယုံကြည်မှု တဖြည်းဖြည်း လျော့နည်းလာတာပါ။ဒါနဲ့ ပတ်သက်ပြီး NLDပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “ယုံကြည်မှု လျော့နည်းလာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီလို ယုံကြည်မှု လျော့နည်းလာခြင်းအကြောင်းက ကျွန်တော်တို့ အခုအစိုးရအနေနဲ့ တိုင်းရင်းသားအကျိုးကို ဒီထက်ပိုပြီး လုပ်ဆောင်နိုင်မယ်လို့ သူတို့က မျှော်လင့်ခဲ့လို့ ဖြစ်ပါတယ်’’ လို့ ပြောကြားသွားပါတယ်။

လာမယ့် ၂၀၂၀ မှာ တိုင်းရင်းသားတွေက အင်အားကြီးအုပ်စုတွေကို ဆက်ပြီး ယုံကြည်ထောက်ခံအားပေးဦးမယ်ဆိုရင် ရွေးကောက်ပွဲ အနိုင်ရလာတဲ့အခါ တိုင်းရင်းသားတွေအပေါ်  ဗဟိုချုပ်ကိုင်မှု ဆက်ပြီး လွှမ်းမိုးမယ်ဆိုတာ အခုကတည်းက သင်ခန်းစာယူရမှာပဲ ဖြစ်ပါတယ်။

(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကယားပြည်နယ်ဟာ ပုခုံးပေါ်က သေနတ်အစား ပုခုံးပေါ် တယော ဖြစ်သွားပါပြီ “ ဆိုပြီး ပြောကြားသွားပါတယ်။ သေနတ်အစား တယောဖြစ်သွားအောင် လုပ်ဆောင်ခဲ့တာ NLD အစိုးရ အရပ်သားအစိုးရ မဟုတ်ပါဘူး။ အရပ်သားအစိုးရတက်မလာခင် အရင်အစိုးရလက်ထက်ကတည်းက ပြည်နယ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့တို့ရဲ့ ကြိုးပမ်းမှုကြောင့် ပုခုံးပေါ်က တယော အခြေအနေ ရောက်ခဲ့ရတာပါ။

NLDအစိုးရရဲ့ လေးနှစ်သက်တမ်းမှာ ကယားပြည်နယ်အစိုးရအနေနဲ့ တိုင်းရင်းသားတွေနဲ့ အစိုးရအကြား ယုံကြည်မှု ဒီထက်လျော့မသွားအောင် လုပ်ဆောင်မှာလား။ ဘာတွေပဲ လုပ်ဆောင်လုပ်ဆောင် ရွေးချယ်စရာနည်းလမ်းတစ်ခုပဲ ရှိပါတယ်။ အဲဒါက မတရားဖမ်းဆီးချုပ်နှောင်ခံရတဲ့ တောင်သူတွေကို အမြန်ဆုံး လွတ်မြောက်အောင် ကြိုးပမ်းပေးဖို့သာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Most read this week

December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...