ပြည်နယ်အစိုးရအဖွဲ့ ကတိကဝတ်ဆောင်ရွက်မှု အားနည်းနေ

ပြည်နယ်အစိုးရအဖွဲ့ ကတိကဝတ်ဆောင်ရွက်မှု အားနည်းနေ

ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်လွှတ်တော်အတွင်း ကတိကဝတ်ပြုထားသည့် လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် အားနည်းလျက်ရှိသည်ဟု အစိုးရအာမခံချက်များ ကတိကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောပါသည်။

“သူတို့ အလုပ်လုပ်လာအောင်က ကျတော်တို့မှ လုပ်လို့ မရတာ။ ကျတော်တို့ လွှတ်တော်မှာ အစည်းအဝေးခေါ်တာပဲလေ သုံးကြိမ်ခေါ်မှ တစ်ကြိမ်ပဲ လာတာကို။ ဒါက မဖြစ်သင့်ဘူး။ ပြည်သူက အားကိုးအားထားရအောင်လို့ အစိုးရတို့ လွှတ်တော်တို့ကို တင်မြောက်ထားတာ။” ဟု ၎င်းက ပြောသည်။

လွှတ်တော်တွင် ကော်မတီများ ဖွဲ့စည်းထားပြီး ၎င်းတို့မှ ကွင်းဆင်းလေ့လာကာ တွေ့ရှိချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနထံ တင်ပြပြီး ဝန်ကြီးဌာနများ၏ ဆောင်ရွက်မှု ပြီးစီးခြင်း ရှိ၊မရှိကို လွှတ်တော်ကို ပြန်လည်အကြောင်းကြားရန် လိုအပ်ကြောင်း၊ အောက်ခြေဌာနဆိုင်ရာမှတက်လာသည့် အကြောင်းအရာများသည် ပြည်နယ်ဝန်ကြီးချုပ်ထံမရောက်ခင် ဖျောက်ဖျက်ခံနေရကြောင်း ဦးအောင်နိုင်ဦးက ဆိုပါသည်။

“တချို့စာတွေဆိုရင် ဝန်ကြီးချုပ် လက်ထဲ မရောက်ဘူးလေ။ အောက်ခြေမှာ ဖြတ်ပစ်လိုက်တာ အများကြီး။ ဒါလည်း မဖြစ်သင့်ဘူး။ လွှတ်တော်ပေးတဲ့စာမှန်သမျှ အကုန်ချောင်ထဲ ထိုးနေရင်တော့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။ လွှတ်တော်က ဘယ်လောက်ပဲ လုပ်နေပါစေ။” ဟု ဦးအောင်နိုင်ဦးက ဆက်ပြောသည်။

သာဓက အားဖြင့် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အဆိုအောင်မြင်ထားသည့် နှစ်စဉ် ကယားပြည်နယ်နေ့ ကျင်းပသည့်မြေနေရာအား ကားပြည်နယ်နေ့ကျင်းပရေးအတွက် အများပြည်သူ ပိုင်မြေနေရာအဖြစ်ထားရှိရေး တိုက်တွန်းကြောင်းအဆို နှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင် မှုမှာ နှောင့်နှေးကြန့်ကြာမှုများနေကြောင်း၊ အောင်မြင်ပြီးသော အဆိုများကိုလည်း မလိုက်နာပဲ ဆန့်ကျင်ဆောင်ရွက် နေမှုများရှိနေကြောင်းကို အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ (၃)နှစ်တာ အစီရင်ခံစာမှ သိရသည်။

ပြည်ထောင်စု တဆင့်ခံအုပ်ချုပ်နေသည့်အတွက် ပြည်နယ်အစိုးရတွင် လုပ်ပိုင်ခွင့်ရှိနေသည့် အပိုင်းတွင် လုပ်ဆောင်သင့်သလို ဆောင်ရွက်ရန် အခွင့်အရေးမရသည့် ကိစ္စရပ်များကိုမူ ပြည်ထောင်စုသို့ လွှဲပေးပြီး ဆောင်ရွက်သင့်ကြောင်း ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါသည်။

“အခုဟာက ကျန့်ကြာတယ်။ မလုပ်နိုင်ဘူးဆိုတဲ့ဟာက မဖြစ်သင့်ဘူးပေါ့။ ပြည်ထောင်စုနဲ့ဆိုင်တယ် ဆိုပေမယ့် ပြည်နယ်အစိုးရကနေ တဆင့်ခံ အုပ်ချုပ်တဲ့ရတဲ့ အခြေအနေမျိုးလို့ ကျနော်တယောက်အနေနဲ့ အဲလိုမျိုးနားလည်ထားတယ်။” ဟု ဦးသဲရယ်က ပြောပါသည်။

အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ၃ နှစ်တာအစီရင်ခံစာအရ ကြယ်ပွင့်ပြကတိကဝတ်များ ၁၀၅ ခုအနက် ၆၂ ခု ၊ ကြယ်ပွင့်မပြကတိကဝတ် ၂၆ ခုအနက် ၇ ခု၊ အဆို ၁၄ ခုအနက် ၅ ခု ခုဖြစ်ပြီး စုစုပေါင်း ကတိကဝတ် စာရင်းမှ ၇၄ ခုသာ ပယ်ဖျက်ပြီး ဆောင်ရွက်ရန် ၇၁ ခုကျန်ရှိနေသေးသည်ဟု သိရသည်။

Most read this week

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...