ရခိုင်အမျိုးသားပါတီ နာယက ဆရာဦးမောင်ညို စျာပန အခမ်းအနား နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ တက်ရောက်

ရခိုင်အမျိုးသားပါတီ နာယက ဆရာဦးမောင်ညို စျာပန အခမ်းအနား နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ တက်ရောက်
by -
နိရဥ္စရာ
ဇန်နဝါရီလ ၉ ရက်နေ့ညက လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သော ရခိုင်အမျိုးသားပါတီ နာယက၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ငြိမ်း) ဆရာဦးမောင်ညို၏ ရုပ်အလောင်းကို ဇန်နဝါရီလ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီက ရခိုင်ပြည်နယ် စစ်တွေမြို့ အာဂျိတ်တော်ကုန်း သုဿာန်သို့ ပို့ဆောင်ခဲ့ရာ စျာပနသို့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌအပါအဝင် နိုင်ငံရေး ပါတီမှ ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ဆရာဦးမောင်ညိုအား ချစ်ခင်လေးစားသူများနှင့် မိသားစု ဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။

စျာပနတွင် တက်ရောက်လာသူများက ငါးပါးသီလ ခံယူ၊ တရားနာယူပြီး စိုင်းဒြားစည်တော်ဝိုင်းနှင့် စစ်တွေမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီတို့က အမိန့်ပြန်တမ်းများ ဖတ်ကြားခဲ့ပြီး၊ ရခိုင်အမျိုးသားပါတီမှ ဂုဏ်ပြုမှတ်တမ်းဖြန့်ဝေကာ၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးက ၀မ်းနည်းဂုဏ်ပြုမှတ်တမ်းကို ဖတ်ကြားခဲ့သည်။

ရခိုင်အမျိုးသားပါတီ၏ ၀မ်းနည်းဂုဏ်ပြုမှတ်တမ်းတွင် “ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့စဉ် သက်တမ်းတွင် ဆရာဦးမောင်ညိုသည် ရခိုင်ပြည်သူလူထု အကျိုးစီးပွားဆိုင်ရာ ပြောင်မြောက်သော မေးခွန်းများ အဆိုများတင်သွင်းခဲ့ရာတွင် ဆရာ၏ သမိုင်းဝင် အထင်ရှားဆုံး ဆောင်ရွက်မှုဖြစ်သော ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံဟု သတ်မှတ်ခဲ့ပြီးနောက် ကန်တော်မင်္ဂလာပန်းခြံဟု တဖန် ပြောင်းလဲခဲ့မှုကို အာရှနေဝန်း မီးရှူးတန်ဆောင် ရခိုင့်အာဇာနည် ဆရာတော်ဦးဥတ္တမ ပန်းခြံအမည်သို့ ပြန်လည်ဖြစ်မြောက်လာစေရန် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် အောင်မြင်အောင် ဆောင်ရွက်ခဲ့နိုင်မှုမှာ ရခိုင်အမျိုးသားများနှင့်တကွ အခြားအခြားသော လူမျိုးများ၏ ရင်ထဲ၌ ထာဝရမှတ်တမ်းတင် ဂုဏ်ပြုနေကြမည်ဖြစ်ပါသည်”ဟု ပါရှိသည်။

ဆရာဦးမောင်ညိုသည် နိုင်ငံရေးလောကတွင်သာမက ရခိုင်စာပေ၊ ယဉ်ကျေးမှုများကို ဖေါ်ထုတ်ရာတွင် ဦးဆောင်ပါ၀င်ခဲ့ပြီး၊ ရခိုင်ဗီဒီယိုဇာတ်ကားများကို စတင်ရိုက်ကူး ဖြန့်ချီမှုများကို သူ၏ဇနီးဖြစ်သူ ဒေါ်လှမြင့်( ပန်းချီရှင်လှ) နှင့်အတူဆောင်ရွက်ခဲ့ကာ လက်ရာမြောက်သော ပန်းချီကားများစွာကိုလည်း ရေးဆွဲခဲ့သည်ဟု သိရသည်။

ဆရာ ဦးမောင်ညို၏ စျာပနတွင် ဇနီးဖြစ်သူ ပန်းချီရှင်လှက “ကျွန်မရဲ့ အိမ်ရှင် ဦးမောင်ညိုဟာ ဆိုရင် ကိုယ်ကျိုးမငဲ့ဘဲ ကိုယ့်လူမျိုးအတွက် စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူလျှောက်ခဲ့တဲ့ လမ်းကိုလည်း ရခိုင်လူမျိုးတွေ ဆက်လျှောက်စေချင်ပါတယ်။ ရခိုင်လူမျိုးတွေ အနေနဲ့လည်း အမျိုးသားရေးအတွက် လုပ်ဆောင်ကြပါလို့ တိုက်တွန်း လိုပါတယ်”ဟု ပြောကြားခဲ့သည်။

ဆရာဦးမောင်ညို၏ စျာပနသို့ ရခိုင်အမျိုးသားပါတီမှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အပါအဝင် ထိပ်တန်း ခေါင်းဆောင်များ၊ အခြားပါတီနှင့် လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ မိသားစု ဆွေမျိုးများ၊ သူ၏ မိတ်ဆွေများ၊ တပည့်များနှင့် သူ့ကို ရိုသေ ချစ်ခင်သူများ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

နိရဥ္စရာသတင်းဌာနမှလည်း ဆရာဦးမောင်ညိုအတွက် လွမ်းသူ့ပန်းခွေချခဲ့သည်။

သူ၏ ရုပ်အလောင်းကို အာဂျိတ်တော်ကုန်း သုဿာန်တွင် မီးသင်္ဂြ ိုဟ်ခဲ့သည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...