မြောက်ပိုင်း မဟာမိတ်နှင့် အစိုးရ တရုတ်နယ်စပ်တွင် တွေ့မည်

မြောက်ပိုင်း မဟာမိတ်နှင့် အစိုးရ တရုတ်နယ်စပ်တွင် တွေ့မည်

တပ်မတော်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသော ရက္ခိုင့်တပ်မတော်အပါအဝင် မြောက်ပိုင်း စစ်ရေးမဟာမိတ် အဖွဲ့ဝင် ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ ဧပြီလ ၃၀ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

တွေ့ဆုံပွဲကို ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် ပြုလုပ်မည်ဟု မြောက်ပိုင်း စစ်ရေး မဟာမိတ် အဖွဲ့ဝင် ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က အတည်ပြု ပြောဆိုသည်။

“ဒီလ ၂၉ ၊ ၃၀ မှာ တွေ့ရမှာ ဖြစ်ပါတယ်။ ခုထက်ထိကတော့ သူတို့ ပြောထားတဲ့ ရက်ကတော့ အတည်ပြုလို့ ရပါတယ်။ မနက်ဖြန် သဘက်ခါ ဘယ်လို အပြောင်းအလဲ ရှိလာမလဲ ဆိုတာကတော့ မသိရဘူးပေါ့နော်။ ဒါပေ မယ့် ခုထက်ထိကတော့ ၂၉၊ ၃၀ ပေါ့။ အဲမှာတွေ့ဖို့တော့ သူတို့ သဘောတူထားတဲ့ဆိုတဲ့ အခြေအနေဖြစ်ပါ တယ်။”

တွေ့ဆုံဆွေးနွေးပွဲကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဖက်မှ ၎င်းတို့ဖွဲ့စည်းထားသည့် တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့က သွားရောက်မည် ဟု ဗိုလ်မှူးကြီး နော်ဘူ က ဆက်ပြောသည်။

“ကျနော်တို့ ဒီမှာ ကိုယ်စားလှယ်အဖွဲ့တွေ ဖွဲ့ထားတာရှိပါတယ်။ ကျနော်တို့ ဦးလနန် ဦးစီးဦးဆောင်ပြီးမှ သွားမှာ ဖြစ်ပါတယ် ။ အဓိကကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာတွေ ဆွေးနွေးမှာပါ ငြိမ်းချမ်းရေး ဆိုတာကတော့ အပစ်ခတ်ရပ်စဲပြီးမှ နိုင်ငံရေးတွေပေါ့ ငြိမ်းချမ်းရေး လမ်းကြောင်းတွေကို ဆွေးနွေးဖို့ တင်ပြလာမှာ ဖြစ်ပါတယ်။”

ဧပြီလကုန်တွင် ကျင်းပပြုလုပ်မည့် မြောက်ပိုင်း စစ်ရေးမဟာမိတ်အဖွဲ့နှင့် အစိုးရ တပ်မတော်တို့ တွေ့ဆုံဆွေး နွေးပွဲမှ အကောင်းဆုံး အဖြေကိုသာ ရရှိမည်ဟု မျှော်လင့်ကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကြားဝင်ညှိနှိုင်း ပေးနေသည့် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးဆမ်အောင် ကပြောသည်။

“ကျနော်တို့ကတော့ အများကြီး မျှော်လင့်တာပေါ့နော်။ အဓိကကတော့ အပစ်ရပ်ရေး၊ IDPs နေရာချထားရေးကတော့ ဦးစားပေးဖြစ်လိမ့်မယ်ထင်ပါတယ် ၂ ခုပေါ့။ ကျန်တဲ့ အကြောင်းအချက်တွေကိုလည်း ဆွေးနွေးကြမယ်လို့ ကျနော်မျှော်လင့်ပါတယ်။ အကောင်းဆုံး အဖြေကိုတော့ ရမယ်လို့တော့ ကျနော်တို့က မျှော်လင့်ထားတာပေါ့လေ။”

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့ကလည်း “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းတွင် ရက္ခိုင့်တပ်မတော် AA က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဧပြီလ ၃၀ ရက်နေ့တွင် အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံဆွေး နွေးကြမည့် အစီအစဉ် ရှိသည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က သတင်းထောက်များအား ပြော ဆိုထားသည်။

မူလက တွေ့ဆုံဆွေးနွေးပွဲကို သြင်္ကန်မတိုင်ခင်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း နှစ်ဖက်တာဝန်ရှိသူများ မအားလပ်ကြသည့်အတွက် ဧပြီလကုန်ပိုင်းသို့ ရွှေ့ဆိုင်းခဲ့ကြသည်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကမူ တွေ့ဆုံမည့်ရက် အတိအကျ မသိရသေးကြောင်း ပြောသည်။

“တွေ့မယ်ဆိုတာပဲ ကျနော်သိရတယ်။ မူလကတည်းက ဧပြီလထဲမှာ တွေ့မယ်ဆိုတော့ ဒီသြင်္ကန်ကာလနဲ့ အစောပိုင်းက မတွေ့ နိုင်ဘူးပေါ့နော။” ဟု ပြောသည်။

အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်း စစ်ရေး မဟာမိတ်တို့ တွေ့ဆုံဆွေးနွေးမည့် အခြေအနေကို အစိုးရ၊ တပ်မတော်ဖက်မှ သဘောထားကို သိရှိရန် ဆက်သွယ်သော်လည်း မရသေးပေ။

မြောက်ပိုင်း စစ်ရေး မဟာမိတ်အဖွဲ့တွင် တအာန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင် လွတ်လပ်ရေး တပ်မတော် KIA၊ ရက္ခိုင့်တပ်မတော် AA နှင့် မြန်မာနိုင်ငံ အမျိုးသားများ ဒီမိုကရက်တစ် မဟာ မိတ်တပ်မတော် (MNDAA/ ကိုးကန့်တပ်ဖွဲ့) တို့ ပါဝင်သည်။

Most read this week

ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် / Crd - ပုံဟောင်း
September 7, 2026
စစ်အုပ်စုက ချင်းပြည်ရှိ မြို့အချို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်သော်လည်း ၎င်းတို့၏ အုပ်ချုပ်ရေး...
ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...
ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...
ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...