PC နဲ့ NCA ထိုး တိုင်းရင်းသား လက်နက်ကိုင်များ တွေ့မည်

PC နဲ့ NCA ထိုး တိုင်းရင်းသား လက်နက်ကိုင်များ တွေ့မည်

အစိုးရငြိမ်းချမ်းရေး ကော်မရှင် PC နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့မှ ကိုယ်စား လှယ်များ မတ်လ ၉ ရက်နေ့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားမည်ဟု အပစ်ရပ် တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC က အပစ်ရပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင် ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးချင်သည်ဟု ကမ်းလှမ်းလာသည့်အတွက် ကျင်းပပြီးဆုံး သွားသည့် PPST အစည်းအဝေးမှ တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ရခိုင်ပြည်လွတ် မြောက် ရေးပါတီ ALP ဒု-ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်က သတင်းထောက်များအား ပြောသည်။

“ငြိမ်းချမ်းရေး ကော်မရှင်က ကျနော်တို့ ၉ ရက်နေ့မှာ ကျနော်တို့ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ နဲ့ အလွတ်သဘောတွေ့ ဆွေးနွေးချင်တယ်လို့ ကျနော်တို့ကို ကမ်းလှမ်းလာတယ်၊ အဲ့ဒါမှာ ကျနော်တို့ လက်ခံလိုက်တယ်၊ အလွတ်သဘော ဆွေးနွေးတယ်ဆိုတာ ပိုရင်းနှီးမှုရတယ်၊ ကိုယ်မြင်တဲ့အမြင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်၊ ဘယ်လိုပြောမလဲ ဆုံးဖြတ်ချက်မဟုတ်ဘူး ပိုရင်းနှီးမှုရတယ် ပိုကောင်းတယ်လို့ မြင်တယ်။”

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ များနှင့် ငြိမ်းချမ်းရေး ကော်မရှင် PC တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများမှာ ၄ လကျော်ကြာ ရပ်တန့်နေရာမှ အလွတ်သဘောအဖြစ် ပထမဆုံးအကြိမ် ပြန်လည်ကာ စတင်တွေ့ ဆုံမည့် ဆွေးနွေးပွဲဖြစ်သည်ဟု သိရသည်။

တွေ့ဆုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်မည်ဖြစ်ပြီး ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ မှ အတွင်းရေး မှူး ဦးခင်ဇော်ဦး ဦးဆောင်သည့်အဖွဲ့ နှင့် အပစ်ရပ် ၁၀ ဖွဲ့မှ တစ်ဖွဲ့လျှင် ကိုယ်စားလှယ်တစ်ဦးစီ တက်ရောက် ဆွေးနွေးသွားမည်ဟု အပစ်ရပ် ခေါင်းဆောင်များ က ပြောသည်။

တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာများနှင့်ပတ်သက်၍ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/ SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက  ယခုကဲ့သို့ ပြောသည်။

“အခုက ကျနော်တို့ ဆယ်ဖွဲ့နဲ့ သွားမယ်ဆိုတော့ ဒီအစည်းအဝေးကနေ ချမှတ်ပေးတဲ့ ခေါင်းစဉ်အောက်ကနေပဲ အဲဒီဘောင်အတွင်းမှာပဲ ကျနော်တို့က စုပေါင်းဆွေးနွေးမှာဖြစ်တယ်။ ကျနော် နားလည်သလောက်ဆိုရင်တော့ ဒီ တစ်စို့နေတဲ့ကိစ္စတွေ ဘယ်လိုကျော်လွှားမလဲဆိုတဲ့ဟာပါပဲ။ ရှေ့လုပ်ငန်းစဉ်တွေပဲ ကျနော်တို့ ပြောကြမှာ ဖြစ်ပါတယ်” ဟု သတင်းထောက်များအား ပြောသည်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အနေဖြင့် မတ်လ ၈ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် လည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားမည်ဟု သိရပြီး မတ်လ ၉ ရက်နေ့တွင် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့နှင့် တွေ့ဆုံ သွားမည်ဖြစ်သည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။

ထို့နောက် မတ်လ ၁၀ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့်လည်း အလွတ်သဘော တွေ့ဆုံသွားမည်ဟု သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ RCSS ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ် ဦး ABSDF၊ ပအို့အမျိုး သား လွတ် မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ မွန်ပြည်သစ်ပါတီ NMSP၊ လားဟူဒီမိုက ရက်တစ်အစည်းအရုံး LDU အဖွဲ့များ ပါဝင်ကြသည်။

February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...