မော်လမြိုင်ရှိစျေးသုံးခုတွင် ဆိုင်ခန်းများ သတ်မှတ်ဧရိယာထက် ကျော်လွန်ခြင်းရှိ၊မရှိစစ်ဆေး

မော်လမြိုင်ရှိစျေးသုံးခုတွင် ဆိုင်ခန်းများ သတ်မှတ်ဧရိယာထက် ကျော်လွန်ခြင်းရှိ၊မရှိစစ်ဆေး
by -
ဟင်္သာမီဒီယာ
မော်လမြိုင်မြို့ရှိ မြိုင်ရတနာစျေး၊ မောင်ငံစျေးနှင့် အမှတ် (၁) စျေးတို့တွင် ဆိုင်ခန်းများသတ်မှတ်ဧရိယာထက် ပေကျော်၍ စျေးခင်းကျင်းရောင်း ချနေခြင်းရှိ၊မရှိကိုမော်လမြိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က လိုက်လံစစ်ဆေးလျက်ရှိကြောင်းအဆိုပါ အဖွဲ့ထံမှ သိရသည်။

ထိုသို့စျေးဆိုင်များကိုစစ်ဆေးခြင်းကိုစတင်ဆောင်ရွက်လျက်ရှိပြီးအချို့စျေးများကို စစ်ဆေးပြီးကာမြို့နယ်အတွင်း ကျန်ရှိသောစျေးများကိုလည်း ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာလင်းကပြောကြားသည်။

မော်လမြိုင်မြို့နယ်ရှိစျေးများတွင် သန့်ရှင်းသပ်ရပ်ပြီး စည်းကမ်းစနစ်တကျ ရှိစေရေးနှင့် စျေးရောင်း၊ စျေးဝယ်များ အလွယ်တကူသွား လာနိုင်ရန် ရည်ရွယ်ချက်ဖြင့် လိုက်လံစစ်ဆေးခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စျေးများကိုထိုသို့ စစ်ဆေးခြင်းကြောင့် သွားလာရာတွင် ပိုမိုကောင်းမွန်လာကြောင်း မောင်ငံစျေးရှိ စတီးနှင့် အိမ်သုံးပစ္စည်းအထွေထွေအရောင်းဆိုင်တစ်ခုမှ ဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦးက ပြောကြားသည်။

“လမ်းသွားလမ်းလာကောင်းတယ်၊ ကျယ်ကျယ်ဝန်းဝန်းရှိလာတယ်။ ဒါပေမယ့် တချို့စည်းအပြင်ရောက်တဲ့ဆိုင်တွေလဲ တစ်ပုံကြီးကျန်နေသေးတယ်” ဟု ၎င်းကဆိုသည်။

မော်လမြိုင်မြို့နယ်ရှိ စျေးများတွင်သန့်ရှင်းသပ်ရပ်ပြီး စည်းကမ်းစနစ်တကျ ရှိစေရေးနှင့် စျေးရောင်း၊ စျေးဝယ်များ အလွယ်တကူသွား လာနိုင်ရန် ရည်ရွယ်ချက်ဖြင့် လိုက်လံစစ်ဆေးနေကြောင်း ဒေါ်ခင်သီတာလင်းကပြောဆိုသည်။

ထို့အတူစည်းကမ်းအရလုပ်ဆောင်ပေးခြင်းကို သဘောကျပြီးမလိုက်နာသည့်ဆိုင်များကို တိတိကျကျ စစ်ဆေးအရေးယူပေးစေ လိုကြောင်း မောင်ငံစျေးတွင် အထည်ရောင်းချနေသောဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးကပြောဆိုသည်။

စျေးများတွင် ဆိုင်ခန်းများသတ်မှတ်ထားသည့် ဧရိယာစည်းမျဉ်းထက် ကျော်လွန်၍ ခင်းကျင်းမှုများ ပြုလုပ်ပါကမွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေပုဒ်မ ၆၄ (ဇ) အရအရေးယူပြီးဒဏ်ငွေ ငါးသောင်းကျပ်အထိ သတ်မှတ်ထားကြောင်းမော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။