ရန်ကုန်တွင် ရောက်ရှိနေကြသည့် ရခိုင်လူမျိုးများထဲမှ တစ်ချို့သည် အလုပ်အကိုင် အခွင့်အလန်းများကြောင့် မောင်တောဒေသတွင် အခြေချနေထိုင်ရန် ထွက်ခွာလျက်ရှိကြသည်ဟု သတင်းရရှိသည်။
“ အခု လက်ရှိ ရှစ်ယောက်တစ်ဖွဲ့က မောင်တောကို ရောက်သွားပါပြီ။ ဒီကနေ့ ဦးကျော်ရင်လှိုင် ဦးဆောင်တဲ့ ၁၀ ယောက် တစ်ဖွဲ့ မောင်တောကို ရန်ကုန်ကနေ သွားကြမှာပါ။ နောက်ထပ် အဖွဲ့ဝင် ၁၀ ကျော် ပါတဲ့ မိသားစုသုံးစုလည်း မောင်တောကို သွားကြမှာ ဖြစ်ပါတယ်” ဟု ရက္ခိတ မျိုးစောင့်အဖွဲ့ (ARG) ဥက္ကဋ္ဌ ဦးဘအေးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ယခုအခါ မောင်တောဒေသတွင် စီမံကိန်း အများအပြားကို အကောင်အထည်ဖော်နေရာ ၎င်းလုပ်ငန်းများ အတွက် ပန်းရံနှင့် လက်သမားများ အထူး လိုအပ်နေကြောင်း သိရှိရသည်။
“ ပန်းရံ အလုပ်က အကြီးအကျယ် လူလိုနေတယ်။ သွားတာနဲ့ အလုပ်ရတယ်။ အလုပ် မရသေးဘူးဆိုရင်လည်း ကျွန်တော် ARG စခန်းမှာနေလို့ရတယ်။ စားရေး သောက်ရေးက အခမဲ့ ကူညီပေးမယ်။ တကယ်လို့ ကျွန်တော်တို့ဆီမှာ လုပ်မယ်ဆိုရင် တစ်လကို တစ်သိန်း ထောက်ပံ့ပေးမယ်” ဟု သူက ပြောသည်။
မောင်တောတွင် အခြေချပြီး ဒေသဖွံ့ဖြိုးရေးကို လုပ်ကိုင်နေသည့် ARG အဖွဲ့အနေဖြင့် ယခုအချိန်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို မောင်တောဒေသတွင် လုပ်ကိုင်နေပြီး ဒေသခံများအတွက် လိုအပ်သည့် လယ်ထွန်စက်များ၊ စပါးရိတ်သိမ်း ခြွေလှည့်စက်များကိုလည်း ငှားခအနည်းငယ်ဖြင့် ငှားရမ်းကာ လုပ်ကိုင်ပေးလျှက် ရှိနေကြောင်း သိရသည်။
“ ကျွန်တော်တို့ဆီမှာ လုပ်မယ် ဆိုရင် ဘယ်သူဘဲလာလာ စားပြီးသောက်ပြီး လစာ တစ်သိန်း ပေးတယ်။ နောက်ထပ် ကျွန်တော်တို့ အဖွဲ့အနေနဲ့ ငါးလုပ်ငန်းတွေကိုတိုးချဲ့ဖို့ စီစဉ်နေတယ်။ အလုပ်လုပ်လိုသူများ မောင်တောဒေသကို လာကြပါ။ မိမိအတွက် ၀င်ငွေရတဲ့ အပြင် မိမိဒေသကိုလည်း ကာကွယ်ရာရောက်တဲ့အတွက် အကျိုးပြုတဲ့ လုပ်ရပ်ဖြစ်တာကြောင့် အမျိုးရေးအသိနဲ့ အတူ လာရောက်ကြဖို့ ဖိတ်ခေါ်လိုပါတယ်” ဟု ဦးဘအေးက ဆိုသည်။
ဦးဘအေးအနေဖြင့် ရန်ကုန်သို့ ရောက်ခိုက် လိူင်သာယာမှ ရခိုင်လူမျိုးများအား တွေ့ဆုံပြီး မောင်တော ဒေသ၏ အခြေအနေများကို ရှင်းပြရာ ရခိုင်အမျိုးသားများအနေဖြင့် မောင်တောဒေသသို့ လာရောက်ပြီး အခြေချနေထိုင်ရန် အထူးစိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။
လိူင်သာယာမှ လူမှုရေး ခေါင်းဆောင် ဦးလှဝင်းမှလည်း သူတို့တွင် အဖွဲ့ ၁၁ ဖွဲ့အား ပေါင်းစည်းထားပြီး အင်အား ၄၀၀၀ ခန့်ရှိကြောင်း၊လူငယ်များအား မောင်တောသို့ စေလွတ်မည် ဖြစ်ကြောင်း၊ အမျိုးသမီးငယ်များအတွက် ပုံမှန်ဝင်ငွေရသည့် အထည်ချုပ်စက်ရုံများ တည်ထောင် ပေးပါက အမျိုးသမီးငယ်များကို စေလွှတ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယခုအခါ ရခိုင်ပြည်နယ် အနောက်ဖက် ဒေသ ပြန်လည် တည်ဆောက်ရေးကော်မတီမှလည်း မောင်တောမြို့နယ်တောင်ပိုင်းတွင် ငါးဖမ်းရန်အတွက် ဒေသခံများကို စက်လှေ၊ ငါးဖမ်းပိုက်များထောက်ပံ့သည့် အပြင် ငါးဖမ်းရန် နည်းပညာများပါ သင်ကြားလျက်ရှိကြောင်း သိရသည်။
“ ကျွန်တော်တို့ မောင်တောမြို့နယ် တောင်ပိုင်းက ဒုံးပိုက်၊ဆင်ပိုက် ကျေးရွာတွေ အပါအဝင် ကျေးရွာအတော်များများက အသက် ၂၀နဲ့ ၄၀ အရွယ်အကြား လူတွေဟာ ပင်လယ်ပြင်ထဲကို ဆင်းပြီး ဘယ်လို ငါးဖမ်းရမယ်ဆိုတာ မသိတော့ဘူး။ ပင်လယ်နဲ့ အနီးလေးမှာ နေကြပေမယ့် ပင်လယ်ထဲကို သွားရင် တစ်ဖက် တိုက်ခိုက်မှုတွေ ရှိတဲ့ အတွက် ပင်လယ်ထဲကို မဆင်းကြဘဲ နေခဲ့ကြရာကနေ ပင်လယ်ထဲကို လှေနဲ့ ဘယ်လိုထွက်မယ်၊ ငါးဘယ်လို ဖမ်းမယ်ဆိုတာကို မသိကြတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခု ငါးဖမ်းလှေတွေ၊ ပိုက်တွေ စီစဉ်ပေးပြီး သင်ပြမယ့်သူတွေကို ပေါက်တောမြို့နယ်က ခေါ်ယူပြီး အခု ငါးဖမ်းနိုင်အောင် စီစဉ် ပေးနေပါတယ်” ဟု ရခိုင်ပြည်နယ် အနောက်ဖက် ဒေသ ပြန်လည် တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အေးချမ်းက ပြောကြားသည်။
မောင်တောဒေသတွင် ပုံမှန် လစာ တစ်သိန်းခွဲ၊ နှစ်သိန်းထိ ရရှိမည့် အလုပ်အကိုင် အခွင့်အလန်းရရှိမည်ဆိုပါက ရန်ကုန်ရောက် ရခိုင်အများအပြား မိမိဒေသသို့ ပြန်လာကြမည်ဖြစ်ကြောင်း လိူင်သာယာမှ လူမှုရေး ခေါင်းဆောင် ဦးလှဝင်းက ပြောသည်။







