ဇင်းကျိုက်ရေတံခွန်တွင် အရက်သောက်ခွင့် ပိတ်ပင်ပေးရန် အစိုးရအဖွဲ့ထံတင်ပြမည် (အဖုံး)

ဇင်းကျိုက်ရေတံခွန်တွင် အရက်သောက်ခွင့် ပိတ်ပင်ပေးရန် အစိုးရအဖွဲ့ထံတင်ပြမည် (အဖုံး)
by -
ဟင်္သာမီဒီယာ
ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိဇင်းကျိုက်ရေတံခွန်တွင် အရက်သေစာသောက်စားခွင့် ပိတ်ပင်ပေးရန် အစိုးရအဖွဲ့ထံတင်ပြ မည်ဖြစ်ကြောင်း ဇင်းကျိုက်ရေတံခွန် သန့်ရှင်းသာယာလှပရေးကော်မတီအဖွဲ့ဝင်များက ပြောကြားသည်။

နှစ်စဉ် မိုးရာသီတိုင်းအပန်းဖြေသူ အများအပြားလာရောက်လေ့ရှိသော ဇင်းကျိုက် ရေတံခွန် တွင် အရက် သောက်သုံးပြီး ရေကစား အပန်းဖြေမှုများရှိခြင်းကြောင့် သေဆုံးမှုများရှိကြောင်းအဆိုပါ ကော်မတီဝင်များက ဆိုသည်။

ထို့ကြောင့် ဇင်းကျိုက်ရေတံခွန် ကိုအရက်ကင်းရှင်းရေးဇုန်ဖြစ်ရေးအတွက်  မွန်ပြည်နယ် အစိုးရအဖွဲ့ထံတင်ပြကာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အရက်ကင်းရှင်းဇုန်ဖြစ်ရေးအတွက် ကော်မတီအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့များ၊ မြို့နယ် သက်ဆိုင်ရာဌာနများနှင့် တောင်းဆိုညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဇင်းကျိုက်ရေတံခွန် သန့်ရှင်းသာယာလှ ပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်ကပြောသည်။

“ဒီရေတံခွန်ကိုလာတဲ့ ရ၅ ရာခိုင်နှုန်းလောက် အပန်းဖြေဖို့ အရက်နဲ့ တွဲပြီးလာကြတယ်၊ ဒါကြောင့် အရက်မူးမူးနဲ့ မသွားသင့်တဲ့ နေရာသွားပြီး လူသေမှုတွေ ဖြစ်လာတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ဇင်းကျိုက်ရေတံခွန်တွင် အရက်သေစာသောက်စားမှုများနှင့် ရေတံခွန်အနီးတွင်လည်း အရက်ရောင်းချမှုများလည်း ရှိနေကြောင်း ဒေသခံများကပြောကြားသည်။

အဆိုပါ ရေတံခွန်အား အရက်ကင်းမဲ့ဇုန်ဖြစ်ရေးအတွက် လုပ်ဆောင်ရာတွင် အခက်အခဲများရှိပြီး ပညာပေးလုပ်ငန်းများကိုလည်း တတ်နိုင်သလောက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးထွန်းထွန်းနိုင်က ပြောကြားသည်။

လက်ရှိတွင် ဇင်းကျိုက်ရေတံခွန်ကို လာရောက်အပန်းဖြေကြသည့် ဧည်သည်များ ဘေးအန္တရာယ်ကင်းရေးအတွက် အန္တရာယ်ရှိသည့် နေရာများတွင် လေးလက်မသံတိုင် ပေ ၁၃၀ ကိုတံခါးပေါက် သုံးပေါက်ပြုလုပ်ပြီး အကာအကွယ်များ ပြုလုပ်ထားကြောင်း ဦးထွန်းထွန်းနိုင်က ပြောသည်။

ထို့အပြင် ရေတံခွန်၏ ရေနက်ပိုင်းများကိုကျောက်များချခြင်း၊ ကန့်သတ်နယ်မြေများမသွားရန် ဆိုင်းဘုတ် ၁၅ ချပ် ထောင်ထားကြောင်း ၎င်းက ပြောဆိုသည်။

ယခင်နှစ်ကဇင်းကျိုက်ရေတံခွန်တွင် ကန့်သတ်ထားသည့် နေရာများကို သွားရောက်ခြင်းကြောင့် လူခြောက်ဦး ပြုတ်ကျသေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ကော်မတီအဖွဲ့ထံမှ သိရသည်။

Most read this week