ကွမ်းစားသုံးမှုနှင့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှုများအားလျော့နည်းကျဆင်းပပျောက်ရေးကော်မတီကိုဇွန်လ ၁၄ ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့၏ မေလ ၉ ရက်နေ့ ရက်စွဲပါ ညွှန်ကြားချက်အရ ဖွဲ့စည်းခဲ့ကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောကြားသည်။
အဆိုပါ ကော်မတီကိုအဖွဲ့ဝင် ၂၄ ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး၊ ကော်မတီနာယကများအဖြစ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး၊ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းနိုင်ဦး၊ ဗမာတိုင်းရင်းသားဝန်ကြီးဦးရွှေမြင့်၊ ပအိုဝ်းတိုင်းရင်းသားဝန်ကြီးဒေါ်စံဝင့်ခိုင်၊ ကရင်တိုင်းရင်းသားဝန်ကြီးဦးအောင်မြင့်ခိုင်၊ ဥက္ကဋ္ဌအဖြစ် လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်း၊ အတွင်းရေးမှူးအဖြစ် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်ကတို့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မတီအဖွဲ့ဝင်များက ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ လောလောဆယ်မှာ ကွမ်းစားခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်မှုတွေကို ပညာပေးလုပ်ငန်းတွေ လုပ်သွားမယ်၊ ဌာနဆိုင်ရာတွေမှာကွမ်းမစားရ၊ ကွမ်းတံတွေးထွေးမရ စတေကာတွေ ကပ်သွားမယ်၊ ဒီကိစ္စကိုအတင်းအဓမ္မ လုပ်ဆောင်လို့မရဘူး၊ ပညာပေးလုပ်ငန်းတွေ များများလုပ်ဆောင်မှ ရမယ်”ဟု ဒေါက်တာထိန်လင်းကပြောဆိုသည်။
ကော်မတီအနေဖြင့် ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့် လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း၊ စည်းရုံးကြပ်မတ်စေခြင်း၊ ဥပဒေများ၊ ဒေသန္တရအမိန့်များ ရေးဆွဲထုတ်ပြန်ခြင်း၊ ကွမ်းစားသုံးမှုကြောင့် ဖြစ်ပွားစေနိုင်သည့် ရောဂါများနှင့် ပတ်သက်ပြီး ပြည်သူများများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် လူမှုကွန်ရက်ပေါ် များမှ တစ်ဆင့် အသိပေးထုတ်ပြန်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဌာနဆိုင်ရာဝန်ထမ်းများ တာဝန်အချိန်အတွင်း ကွမ်းစားမှုမရှိစေရေးအတွက် ဌာနဆိုင်ရာရုံးများတွင် ကွမ်းအရောင်းဆိုင်များမရှိရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး ရှောင်တခင်စစ်ဆေးခြင်း၊ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများတွင် ကွမ်းစားသုံးခြင်းနှင့် ပတ်သက်သည့် စည်းကမ်းချက်များ ထုတ်ပြန်ပြီး ကျူးလွန်ပါက ပြစ်ဒဏ်များချမှတ်သွားမည်ဖြစ်ကြောင်း ကော်မတီအဖွဲ့ဝင်များက ပြောကြားသည်။



