ဦးနိုင်ဦးက “မွန်လူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ မွန်အမျိုးသားနေ့ကို ကျောင်းသားတွေ၊ ဆရာ/ ဆရာမတွေ၊ ဌာနအသီးသီးမှ အလုပ်လုပ်နေတဲ့သူတွေ စည်းစည်းလုံးလုံး တက်ရောက်နိုင်ဖို့ဆိုတာ ရုံးပိတ်ရက် မဟုတ်တဲ့အတွက် သူတို့တက်ရောက်ဖို့ အခက်အခဲရှိနေပြီး အစိုးရအနေနဲ့ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့အတွက် ဒီအဆိုကို တင်သွင်းတာပါ” ဟု ဆိုသည်။
ယင်းရုံးပိတ်ရက်သည် တစ်နိုင်ငံလုံးအတိုင်းအတာသတ်မှတ်ရန် တောင်းဆိုခြင်းမဟုတ်ကြောင်း၊ လက်ရှိ မွန်တိုင်းရင်းသား အများစု နေထိုင်သည့် မွန်ပြည်နယ်အတွင်းကို ဦးစားပေးအဖြစ် မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ပေးဖို့ တောင်းဆိုကြောင်း ၎င်းက ဆက်ပြောသည်။
ဦးနိုင်ဦး တင်သွင်းထားသည့်အဆိုကို ပြည်နယ်လွှတ်တော်မှ လက်ခံဆွေးနွေးသင့်ကြောင်း ကျိုက်မရောမြို့နယ် လွှတ်တော်ကိုယ်စား လှယ် နိုင်စံတင် မှ ထောက်ခံခဲ့သည်။
နိုင်စံတင်က “နိုင်ငံတော်အနေဖြင့် ယခုအခါ ထာဝရငြိမ်းချမ်းရေးရရှိအောင် တည်ဆောက်နေတဲ့ ကာလဖြစ်ပါတယ်၊ ဒါကြောင် ့တိုင်းရင်းသားလူမျိုးတရပ်လုံး လိုလားတောင်းတနေတဲ့ မွန်လူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ပေးဖို့ လွှတ်တော်မှ လက်ခံဆွေးနွေးသင့်တယ်” ဟု လွှတ်တော်အစည်းအဝေးတွင် တင်ပြတောင်းဆိုခဲ့သည်။
ဖေဖေါ်ဝါရီလအတွင်း ရေးမြို့တွင် ကျင်းပခဲ့သည့် (၆၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားတွင်လည်း “မွန်အမျိုးသားနေ့ တရားဝင် ရုံးပိတ်ရက်ရရှိရေး ဒို့အရေး” စတေကာ (sticker)ကပ် တောင်းဆိုသည့် လှုပ်ရှားမှု တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့သည်။
အလားတူ မတ်လ ၁၉ရက်နေ့က မုဒုံမြို့တွင် ပြည်နယ်အစိုးရမှ ဦးစီးကျင်းပခဲ့သော မွန်ပြည်နယ်နေ့ အခမ်းအနား မိန့်ခွန်းတွင် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က မွန်အမျိုးသားနေ့ကိုလည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။







