ရေးမြို့နယ်ထွက် ကွမ်းသီးများ လွတ်လပ်စွာ တင်ပို့ခွင့် မရ

ရေးမြို့နယ်ထွက် ကွမ်းသီးများ လွတ်လပ်စွာ တင်ပို့ခွင့် မရ
ရေးမြို့ ကွမ်းသီးခြောက်များ (IMNA)
ရေးမြို့ ကွမ်းသီးခြောက်များ (IMNA)
မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်ထွက် ကွမ်းသီးများ မတ်လ ၃၀ ရက်နေ့မှစ၍ ထောက်ခံစာများ ပါရှိမှသာ ရန်ကုန် အဝယ်ဒိုင်သို့ တင်ပို့ခွင့် ရှိကြောင်း အဝယ်ဒိုင်များထံမှ သိရသည်။

ကုန်ပစ္စည်း စစ်ဆေးရေးဂိတ်မှ ထောက်ခံစာ တောင်းခံခြင်းမှာ ထိုင်းနိုင်ငံမှ ကွမ်းသီးများ နယ်စပ်မှတဆင့် ဝင်ရောက်လာခြင်းကြောင့် ဒေသထွက်ကုန်နှင့် ခွဲခြားသိရှိရန် ဖြစ်သည်ဟု ဆိုသည်။

ရေးမြို့မှ ကွမ်းသီး အဝယ်ဒိုင် ပိုင်ရှင်တစ်ဦး ဖြစ်သည့် ကိုဝင်းသိန်းက “ကျွန်တော်တို့ ကွမ်းသီးနဲ့ ထိုင်းကွမ်းသီး ခွဲမတတ်တော့ သူတို့ တားကြတယ်။ စစ်တယ်။ ထောက်ခံစာတွေ တွဲတင်ပေးရတယ်။ ဒီလိုတွဲတင်လည်း ဟိုဟာလိုတယ်။ ဒီဟာလိုတယ်နဲ့ နည်းနည်းလေး ရစ်တော့ ကျွန်တော်တို့ လုပ်ရတာ အနှောင့်အယှက် ဖြစ်တယ်” ဟု ပြောသည်။

တင်ပို့သည့် အကြိမ်တိုင်းတွင် ကွမ်းသီးအလေးချိန် အရေအတွက်၊ အိတ်အရေအတွက်၊ ကုန်တင်ယာဉ်နှင့် ထောက်ခံစာများကို တစ်ပါတည်း တွဲပို့ပေးသော်လည်း၊ စစ်ဆေးရေးဂိတ်က မည်သည့် ထောက်ခံစာ လိုအပ်သည်ကို တိတိကျကျ ညွှန်ကြားထားခြင်း မရှိသည့်အတွက် ၎င်းတို့ လိုအပ်သည်ကို ထပ်မံတောင်းဆိုတတ်ပြီး နှောင့်နှေးမှုနှင့် ကြုံတွေ့ရကြောင်း သူက ပြောသည်။

ကွမ်းသီး တင်ပို့ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်း၊ အခွန်ဦးစီးဌာနမှ အခွန်ကင်းလွတ်သည့် ထောက်ခံစာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လုပ်ငန်းလိုင်စင် ထောက်ခံစာများ ရယူကြရသည်ဟု အခြားအဝယ်ဒိုင်ရှင် တစ်ဦး ဖြစ်သည့် ဦးအောင်သိန်းနိုင်က ပြောသည်။

ထိုင်းနိုင်ငံမှ ကွမ်းသီးများသည် ဘုရားသုံးဆူနယ်စပ်လမ်းမှတဆင့် ရေးမြို့သို့ ဝင်ရောက်တတ်သော်လည်း အရေအတွက် မများကြောင်း၊ နယ်စပ်မှ ဝင်ရောက်လာသည့် ကွမ်းသီးများကို စစ်ဆေးလိုပါက နယ်စပ်လမ်းကြောင်းတွင် စစ်ဆေးသင့်ကြောင်း ကိုဝင်းသိန်းက ပြောသည်။

မွန်ပြည်နယ်၏ အဓိက စစ်ဆေးရေးဂိတ်မှာ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ် ဖြစ်သည့် စစ်တောင်း ကုန်ပစ္စည်း စစ်ဆေးရေးဂိတ် ဖြစ်သည်။ မဆလ အစိုးရလက်ထက်တွင် ကွမ်းသီးခြံပိုင်ရှင်များသည် အစိုးရ အဝယ်ဒိုင်သို့ ကွမ်းသီးများ တင်ပို့ရောင်းချကြရပြီး၊ မြန်မာတစ်နိုင်ငံလုံးတွင် ရေးမြို့နယ်ထွက် ကွမ်းသီးသည် အရည်အသွေးအကောင်းဆုံးဟု သတ်မှတ်ခံထားရသည်။

ရေးမြို့နယ်တွင် ကွမ်းသီးစိုက်ဧက ၅ သောင်းခန့် ရှိပြီး၊ ကွမ်းသီး ကုန်အဝယ်ဒိုင် ၁၀ဒိုင်ခန့် ရှိသည်။လက်ရှိ ပေါက်ဈေးအရ ကွမ်းသီး အစိုတစ်လုံးလျှင် ၃၅ ကျပ် ဝန်းကျင်ရှိပြီး၊ ကွမ်းသီးအခြောက် တစ်ပိဿာလျှင် ၄၅၀ဝ ကျပ် ရှိသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...