အောက်တိုဘာ ၂၆ရက်တွင် ကြိုတင်မဲပေးနိုင်ရန် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များကို မဲပုံးပိတ်ခြင်းအား လာရောက် စစ်ဆေးခိုင်းရာ မဲပုံးပိတ်ခြင်းမှာ လုံခြံုမှုမရှိဘဲ ပြန်လည် ပြင်ဆင်ရန် အတွက် ပါတီအားလုံးမှ တိုင်ပင်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
မဲပုံးလုံခြံုမှု မရှိသည့်အပေါ် အဆိုပါ မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်အမျိုးသားပါတီမှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ပန်းရီမှ “ မဲပုံးကနှစ်ဖက်ပဲ ပိတ်တယ် လက်ထိုးထည့်လို့ရနေတယ်၊ နှိုက်လို့ရနေတယ်ဆိုတော့ မဲပုံးလုံခြံုမှုမရှိဘူး။ ကြိုတင်မဲပေးမှာက ရဲစစ်သားတွေ နိုင်ငံခြားထွက်မဲ့လူတွေ မဲထည့်ကျမှာလေ”ဟု ၎င်းကပြောသည်။
မဲပုံးကိုသွားရောက်စစ်ဆေးရာ၌ မဲပုံးထဲသို့ လက်တစ်ချောင်းလုံး ထည့်လို့ရနေခြင်း မဲထည့်ရာအပေါက်မှာ မဲပုံးအပေါ်တွင် ဟနေပြီး လက်ဖြင့်ပြန်လည် နှိုက်ယူ၍ ရသော အနေထားဖြစ်သောကြောင့် မဲပုံးပြန်လည် ပြင်ဆင်မှသာလျှင် ပြည်သူ့ဆန္ဒ အမှန်ရရှိမည် ဖြစ်ကြောင်း ကိုယ်စားလှယ်များက သုံးသပ်ပြောကြားသည်။
“မဲပုံးကို လုံခြံုမှုရှိဖို့ ဖွင့်လို့မရအောင် ချိတ်ပိတ်တဲ့နည်း အသုံးပြုခွင့် ပေးပါဆိုပြီး ခရိုင်ရုံးကို တောင်းဆိုထား တယ်။ ကြိုတင်မဲပေးတဲ့ မဲပုံးက ဘေးနှစ်ဘက်ကိုပဲ ကလစ်လေးပဲညှပ်ထားတဲ့အတွက် မဲမသမာမှု တွေ့ရှိ လာနိုင်တယ်။ လက်ရှိတော့ မဲပုံးကို ပြန်လည် ပြင်ဆင်ဖို့အကြောင်းမပြန်သေးပါဘူး” ဟု တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဇော်မင်းထိုက်(ခ)ဦးကျော်သူကပြောသည်။
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမဲဆန္ဒနယ် (၂)တွင် နယ်မြေ ၁၉ခုနှင့် မဲရုံပေါင်း ၈၀ကျော်ရှိကြောင်း သတင်းရရှိပါသည်။





