ရေးမြို့ ဗိုလ်ချုပ်ဈေးကို ဖျက်သိမ်းကာ မြို့တော်ခန်းမ တည်ဆောက်မည်

ရေးမြို့ ဗိုလ်ချုပ်ဈေးကို ဖျက်သိမ်းကာ မြို့တော်ခန်းမ တည်ဆောက်မည်
လွန်ခဲ့သည့် အနှစ် ၄၀ ကျော်က ဆောက်လုပ်ခဲ့ပြီး ဟောင်းနွမ်း ပျက်စီးနေပြီဖြစ်သည့် မွန်ပြည်နယ်၊ ရေးမြို့၊ သီရိနန္ဒာရပ်ကွက်ရှိ ဗိုလ်ချုပ်ဈေးကို ဖျက်သိမ်းကာ ၎င်းနေရာတွင် မြို့တော်ခန်းမတစ်ခုကို ဆောက်လုပ်သွားမည်ဟု မြို့နယ် စည်ပင်သာယာရေး ကော်မ တီထံမှ သိရသည်။

ဖျက်သိမ်းမည့် ဈေး၏ တောင်ဘက် မြေနိမ့်ပိုင်းတွင် ဈေးသစ်ကို ပြန်လည်တည်ဆောက်ပေးမည် ဖြစ်ပြီး မူလဆိုင်ခန်းပိုင်ရှင်များနှင့် ပျံကျဈေးသည်များကို ဈေးသစ်တွင် ပြန်လည်နေရာချထားပေး မည်ဟု ရေးမြို့နယ်၊ စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးထွန်းရှိန်က ပြောသည်။

သူက “မြို့တော်ခန်းမ ဆောက်ဖို့ ဖျက်သိမ်းမယ့် ဗိုလ်ချုပ်ဈေးက ဆိုင်ခန်းပိုင်ရှင်တွေနဲ့ ပျံကျဈေးသည် ၆၀ ဦးခန့်ကို ခုဆောက်မယ့် ဗိုလ်ချုပ်ဈေးသစ်မှာ လက်ရှိအဆင့်အတန်းအတိုင်း အခမဲ့ ပြန်လည် နေရာချထားပေးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဈေးဟောင်း ဖျက်ပြီး မြို့တော်ခန်းမ တည်ဆောက်ခြင်း၊ ဈေးသစ်နေရာ ပြန်လည်ချပေးခြင်း စီမံကိန်းနှင့် ပတ်သက်၍ ဇူလိုင်လ ၂၁ ရက်နေ့တွင် နယ်စည်ပင်က ဈေးဆိုင်ရှင်များ၊ မြို့နယ် ကော်မတီဝင်များ၊ အရပ်ဖက် အဖွဲ့အစည်းများအား မြို့နယ်စည်ပင်ရုံးတွင် ခေါ်ယူဆွေးနွေးခဲ့ပြီး ဈေးဆိုင်ရှင်များကလည်း စီမံကိန်းအပေါ် လက်ခံသဘောတူခဲ့ကြသည်ဟု သိရသည်။

ဆိုင်ခန်းပိုင်ရှင်တစ်ဦးက “ကိုယ့်ဆိုင်ခန်း အရွယ်အစားအတိုင်း ပြန်ရမယ်ဆိုရင် ကန့်ကွက်စရာ မရှိပါဘူး”ဟု ပြောသည်။

၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရေးမြို့ တစ်မြို့လုံး မီးလောင်ကျွမ်းခဲ့ပြီး ၁၉၇၀ ခုနှစ်၌ မြို့သစ်ပြန်လည်တည်ထောင်ရာတွင် လက်ရှိဗိုလ်ချုပ်ဈေးလည်း ပါဝင်သည်။ ထိုဈေးသည် လွန်ခဲ့သည့် အနှစ် ၂၀ ကျော်ကပင် ယိုယွင်းလျက်ရှိပြီး ပြန်လည်ပြုပြင်မှု မရှိကြောင်း တွေ့ရသည်။

ငွေကျပ် ၁၁၅၀ သန်း ရှိသည့် မြို့တော်ခန်းမနှင့် ဈေးသစ်စီမံကိန်းများအတွက် လုပ်ကိုင်ခွင့် ရရှိမည့် သူကို မွန်ပြည်နယ် အစိုးရက ရွေးချယ်မည် ဖြစ်ပြီး သြဂုတ်လမှ စတင်ကာ ၈ လအတွင်း အပြီးဆောက်လုပ်ရန် လျာထားသည်ဟုလည်း ဦးထွန်းရှိန်က ပြောသည်။

လက်ရှိ ဗိုလ်ချုပ်ဈေးတွင် ဈေးဆိုင်ခန်း ၂၀ ဝန်းကျင်နှင့် ပျံကျဈေးသည် ၆၀ ခန့် ရောင်းချလျက် ရှိသည်။

စီမံကိန်း အကောင်အထည်ဖော်မည့် မြေနေရာသည် မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင် မြေများ ဖြစ်ပြီး စီမံကိန်း မစတင်မီ အရပ်ဖက် အဖွဲ့အစည်းများ၊ မွန်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးနှင့် မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီတို့ ထပ်မံတွေ့ဆုံညှိနှိုင်းသွားမည်ဟုလည်း ဦးထွန်းရှိန်က ပြောသည်။

ရေးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးထွန်းရှိန် သည် ဇူလိုင်လ ၂၄ ရက်နေ့တွင် နှုတ်ဆက်ပွဲ ပြုလုပ်ကာ လက်ရှိတွင် ရေးမြို့နယ်မှ ပြောင်းရွှေ့သွားပြီ ဖြစ်သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...