နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က ပိတ်ဆို့ခြိမ်းခြောက်လိုက်သည်ဟု နိုင်ကျဉ်းအရေး လှုပ်ရှားသူများက ပြောသည်။
နိုင်ငံကူး လက်မှတ် ဥပဒေသစ်သည် နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ဘဝပြန်လည်ထူထောင်ရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို တရားဝင် ဖန်တီးလိုက်ခြင်း ဖြစ်ကြောင်း နိုင်ကျဉ်းအရေးလှုပ်ရှားသူများက ဝေဖန်ထောက်ပြလိုက်သည်။
မတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါ ဥပဒေသစ်အရ နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးစီးပွားကို နှောင့်ယှက်သူဟု ယူဆရသူများ၊ ဥပဒေပုဒ်မ ၄၀၁ (၁) အရ လွတ်ငြိမ်းခွင့် ရထားသူများနှင့် တရားရုံး၏ ခံဝန် ချုပ်ကာလ မပြည့်သေးသူများကို နိုင်ငံကူးလက်မှတ် (Passport) ထုတ်ပေးရန် ငြင်းပယ်နိုင်ကြောင်း ပြဋ္ဌာန်း ထားသည်။
အဆိုပါ အချက်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများကို ပစ်မှတ်ထား ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ဆိုသည်။
WOPP ၏ ဦးဆောင်တာဝန်ခံ မဇူးဇူးမေယွန်းက “ကျမတို့လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ လုံခြုံရေး အရမ်းအရေးကြီး လာတယ်ပေါ့နော်။ ပြည်ပထွက်ခွင့်တွေ ပိတ်ပင်တဲ့အတွက် သူများနိုင်ငံမှာ တရား မဝင် နေထိုင်ရတာတွေ များလာတယ်ပေါ့နော်။ အဲ့ဒီအတွက်လည်း နိုင်ငံရေး အကျဉ်းသား ပိုပြီးတော့ စိတ်ပိုင်း ဆိုင်ရာအပြင် လုံခြုံရေးပိုင်း ဆိုင်ရာတွေမှာပါ ခက်ခဲလာတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထို့အပြင် နိုင်ကျဉ်းဟောင်းများသည် PSMS (Person Scrutinization and Monitoring System) စနစ်ဖြင့် ဆက်လက်စောင့်ကြည့်ခံနေရပြီး ယခင်စွဲချက်ဟောင်းများကြောင့် လူမှုဘဝရပ်တည်ရေးနှင့် အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများတွင်ပါ အခက်အခဲဖြစ်ပေါ်နေရသည်ဟု ဆိုသည်။
၎င်းတို့သည် အဖမ်းခံရစဉ်ကပင် မှတ်ပုံတင် (ID) များ သိမ်းဆည်းခံရခြင်းနှင့် နိုင်ငံကူးလက်မှတ် လုပ်ခွင့် ငြင်း ပယ်ခံရခြင်း တို့ကို ကြုံတွေ့ခဲ့ရပြီး ယခုအခါတွင်မူ ဥပဒေဖြင့် ပေါ်ပေါ်ထင်ထင် ချိုးဖောက်လာခြင်း ဖြစ်ကြောင်း မဇူးဇူးမေယွန်းက ဆက်ပြောသည်။
“ဒါက တရားဝင် ထုတ်ပြန်လိုက်တာပေါ့နော်။ တရားဝင် ထုတ်မပြန်ခင် ကျမတို့ နိုင်ငံရေး အကျဉ်းသားတွေကို ပြည်ပထွက်ခွင့် ပိတ်ပင်တာမျိုးတွေ ဖမ်းဆီးတဲ့အချိန်မှာ ကျမတို့ရဲ့ ID တွေ အကုန်လုံးကို သူတို့က သိမ်းတယ်။ ပြီးရင် ပြန်မပေးဘူးပေါ့နော်။ ပြန်လုပ်ရတဲ့ အခါမျိုးမှာလည်း အရမ်းခက်ခဲတယ်ပေါ့နော်။ Passport တွေဆို လည်း လုပ်ခွင့်မပေးတာမျိုး ကျမတို့ ကိုယ်တိုင်လည်း ကြုံခဲ့ရတယ်ပေါ့နော်။ ဒီလိုမျိုးတွေ လုပ်နေတာကို အခုဆိုလို့ရှိရင် ပေါ်ပေါ်ထင်ထင်နဲ့ လူ့အခွင့်အရေး ချိုးဖောက်လာတာ ဖြစ်တယ်။”
အလားတူ ကရင်နီနိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး (KPPA) ဒု - ဥက္ကဋ္ဌ ထားဖိုးကလည်း ဤဥပဒေသစ် ကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ လွတ်လပ်စွာ သွားလာခွင့် လုံးဝပိတ်ပင်ခံလိုက်ရကြောင်း ထောက်ပြသည်။
၎င်းက “အမျိုးသားလုံးခြုံရေး နိုင်ငံအကျိုးစီးပွားကို ဖျက်ဆီးလိုသူလို့ ယူဆနိုင်တဲ့ သူကို နိုင်ငံကူးလက်မှတ် မထုတ် ပေးဘူး ပြောတာကိုး။ အခုအချိန်မှာ ကျနော်တို့ ပြည်နယ်မှာက ရွေးကောက်ပွဲ ကိစ္စလောက် ပြောတာ နဲ့တင် ဖမ်းဆီးခံရတဲ့ အခြေအနေမှာ ရှိတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းဆိုတဲ့ နာမည်နဲ့ တွဲပါလာသူ တစ်ယောက် အတွက်ဆိုရင် တော်တော်ကြီးကို ကြီးမားတဲ့ အခက်အခဲတစ်ခု ဖြစ်သွားတယ်” ဟု ပြောသည်။
ထို့အပြင် ကရင်နီပြည်အတွင်းရှိ ပြည်သူများအတွက် (၂/) မှတ်ပုံတင် ကိုင်ဆောင်သူဖြစ်ရုံမျှဖြင့် နိုင်ငံကူး လက်မှတ်ရရှိရန် ပိုမိုစစ်ဆေးခံနေရသည့် အခြေအနေများကြောင့် နိုင်ကျဉ်းဟောင်းများအတွက် ပိုမိုဆိုးရွားနေကြောင်း ထားဖိုးက ဆက်ပြောသည်။
“ပတ်စ်ပို့စ် နိုင်ငံကူးလက်မှတ်နဲ့ ပတ်သက်ပြီးတော့ အကြားမှာ သူတို့ပိတ်ပင်တားဆီးတာ အများကြီး ရှိခဲ့တယ်။ ဥပမာ ၂/ ဆို မထုတ်ပေး တာတွေ ပိုပြီး စစ်ဆေးတာတွေ ဖြစ်ခဲ့တာပဲ။ အခုက ကျနော်တို့ ကရင်နီပြည်ကနေ ထွက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အတွက်ဆိုရင် ကရင်နီပြည်က ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ကို တော်တော်ကြီးကို နိုင်ငံကူးလက်မှတ် ရရှိဖို့ အခက်အခဲ ဖြစ်နေပြီ။”
မြန်မာနိုင်ငံကူးလက်မှတ် ဆိုင်ရာ ဥပဒေသစ်သည် နိုင်ငံရေးအရ ဆန့်ကျင်သူများကို စနစ်တကျ ဖိနှိပ်ခြင်းဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ဘဝပြန်လည်ထူထောင်ရေးကို တားဆီးထားခြင်း ဖြစ်သည်။
ထို့ကြောင့် ပြန်လည် လွတ်မြောက်လာသူများ အနေဖြင့် ပြည်တွင်းပြည်ပ ခရီးသွားလာမှုနှင့် ကိုယ်ရေး အချက် အလက် အသုံးပြုမှုများတွင် ကြုံတွေ့လာနိုင်သည့် လုံခြုံရေးအန္တရာယ်များကို အထူးသတိထားကြရန် နိုင်ငံရေး အကျဉ်းသူများအဖွဲ့ (WOPP) က မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်သတိပေးထားသည်။







