ဒီးမော့ဆိုမြို့နယ်မှာ ကယန်းရိုးရာ ကမ်ခွမ့် ( ခေါ် ) တံခွန်တိုင်ပွဲ ပြုလုပ်

ဒီးမော့ဆိုမြို့နယ်မှာ ကယန်းရိုးရာ ကမ်ခွမ့် ( ခေါ် ) တံခွန်တိုင်ပွဲ ပြုလုပ်

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း ကျေးရွာတရွာမှာ ကယန်း ( ကခေါင်း ) မျိုးနွယ်စုတို့ အစဉ်အလာမပြတ် မိရိုးဖလာ ကျင်းပလာတဲ့ ကမ်ခွမ့် ( ခေါ် ) တံခွန်တိုင်ပွဲကို မတ်လ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

"ကျနော်တို့ တစ်နှစ်တစ်ကြိမ် ပူဇော်ပွဲလည်း လုပ်တယ် လူလည်း စုကြတယ်။ ကိုယ့်ရဲ့ တံခွန်တိုင်သမိုင်း မပပျောက်အောင် ၊ လာမယ့် နောင်လာနောင်သားတွေ ဆင့်ကဲဆင့်ကဲ ကမ္ဘာတည်သ၍ရှိဖို့ ရည်ရွယ်တယ်။ “ လို့ ပွဲစီစဥ်တဲ့ ဂေါပကအဖွဲ့ဝင်တဦး က ပြောပါတယ်။

ဒါ့အပြင် မိုးလေဝသ ရာသီဥတုမှန်ကန်ဖို့၊ ရောဂါဘယတွေကင်းဖို့၊ ကမ္ဘာမြေကြီး ငြိမ်းချမ်းဖို့ကို ရည်ရွယ်ပြီး ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာ မသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက် တံခွန်တိုင်ပွဲကျင်းပရတဲ့ အခြေအနေကွာခြားပုံကိုလည်း ဂေါပကအဖွဲ့ဝင်တဦး က အခုလို ဆက်ပြောပါတယ်။

"ကွာခြားတာတော့ရှိတာပေါ့။ အရင်ကဆို လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်။ အခုဆို လူစုလူဝေးများတော့ စိုးရိမ်ရတယ် ဘယ်ရွာမဆိုရှိတယ်။ လေယာဥ်ဘယ်ချိန် လာကြဲမလဲ၊ လက်နက်ကြီး ဘယ်ချိန်ကျမလဲ၊ အဲ့ဒီအပိုင်းတွေ ကွာဟမှုရှိတယ်။” လို့ သူက ဆိုပါတယ်။

ရှေးဘိုးဘွားအစဉ်ဆက် ကျင်းပလာကြတဲ့ ကမ်ခွမ့် (ခေါ်) တံခွန်တိုင်ပွဲကို မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ဆက်လက် ထိန်းသိမ်းကြဖို့ကိုလည်း သူက တိုက်တွန်းပြောဆိုထားပါတယ်။

အဆိုပါ တံခွန်တိုင်ပွဲကို အနီးအနား ကျေးရွာ (၅)က လာရောက်စုပေါင်းပါဝင်ခဲ့ကြပြီး တံခွန်တိုင် ဘေးပတ်ပတ်လည်မှာ ဗုံ၊ မောင်းတွေနဲ့ ကခုန် ပူဇော်ခဲ့ကြပါတယ်။ ရိုးရာ တံခွန်တိုင်ပွဲကို နှစ်စဉ် မတ်လ ၊ ဧပြီလအတွင်းမှာ ကျေးရွာအလိုက် ကျင်းပလေ့ရှိကြပါတယ်။

April 9, 2026
လောင်စာဆီ ချွေတာရေးအစီအမံအတွက် စက်သုံးဆီတင်သွင်းသယ်ယူမှု အခွန်ကင်းလွတ်ခွင့်ကို...
April 8, 2026
စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ သတင်းရယူနေတဲ့ အမျိုးသမီးသတင်းထောက်တွေ အထူးသဖြင့်...
April 7, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်တပ်ထုပ်ကုန်တွေဖြစ်တဲ့ ဒဂုံဘီယာနဲ့မြန်မာဘီယာ ဖာ ၁၀၀...
April 4, 2026
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပုံမှန်ရှိနေတဲ့အတွက် လူထုတွေ...