စက်သုံးဆီ အလုံအလောက် ရှိတယ်လို့ စစ်ကော်မရှင် ကြွေးကြော်ထားပေမယ့် မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်နေတာကြောင့် ဆီဆိုင်အများစု အရောင်းပိတ်ထားတဲ့အတွက် ဝယ်ယူဖို့ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်ဘက်ကတော့ မြန်မာနိုင်ငံမှာ အရန်စက်သုံးဆီ ရက် ၄၀ စာ ရှိပြီး ဆိပ်ကမ်းမှာ မချရသေးတဲ့ ဆီသင်္ဘော နှစ်စင်းနဲ့ ဝယ်ယူထားတဲ့ စက်သုံးဆီ သင်္ဘော ၁၄ စီး ရှိနေတာကြောင့် စက်သုံးဆီ ပြတ်တောက်စရာ အကြောင်းမရှိဘူးလို့ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာ ကြွေးကြော်ခဲ့တာပါ။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စက်သုံးဆီ သုံးစွဲမှုဟာ တစ်ရက်ကို ဓာတ်ဆီ ဂါလံ ၁ ဒသမ ၅ သန်းနဲ့ ဒီဇယ်ဆီ ဂါလံ ၁ ဒသမ ၇ သန်းရှိပြီး လက်ရှိ ဓာတ်ဆီဂါလံ ၆၀ သန်းနဲ့ ဒီဇယ်ဆီ ဂါလံ ၇၀ သန်း နီးပါး စုပုံထားတယ်လို့ ဆိုပါတယ်။
လက်ရှိ မြေပြင် အခြေအနေမှာတော့ မွန်ပြည်နယ်က စက်သုံးဆီဆိုင်အများစုဟာ စက်သုံးဆီတွေကို စုံ၊ မ စနစ်နဲ့ ရောင်းချပေးနေပေမယ့် မကြာခဏ စက်သုံးဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။
မွန်ပြည်နယ် ဒေသခံ တစ်ဦး ကတော့ စက်သုံးဆီဆိုင်အများစု ရောင်းပိတ်ထားတာကြောင့် ပြင်ပဈေးကွက်မှာ တစ်လီတာကို ကျပ် ၈၀၀၀ အထိ ပေးပြီး ဝယ်ယူနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုက ဆီမရှိဘဲနဲ့ စုံ၊ မ စနစ်ကြီးနဲ့ တန်းစီတာ တန်းစီ ခိုင်းနေတာ လုံလောက်စွာလည်း မရောင်းနိုင်ဘဲ တန်းစီ ခိုင်းထားတာ တော်တော် ဒုက္ခ ရောက်တာပေါ့ဗျာ။ ပြင်ပ စက်သုံးဆီ ဆိုင်တွေပေါ့။ ဒီပုဂ္ဂလိက စက်သုံးဆီ တချို့ ဆိုလို့ရှိရင် ပိတ်လိုက်ရတဲ့အတွက် အခုလက်တလော ဆိုရင် ကျွန်တော်တို့ အနိမ့်ဆုံး ၇၅၀၀/ ၈၀၀၀ တစ်လီတာကို ဝယ်နေရတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် စက်သုံးဆီဆိုင်တွေအနေနဲ့ မိမိတို့ စက်သုံးဆီရှိမှု အပေါ် မူတည်ကာ ကား၊ အိုးဝေနဲ့ ဆိုင်ကယ် အရေအတွက် ဘယ်လောက်ထိ ရောင်းချပေးနိုင်လဲဆိုတာကို သတ်မှတ်ပေးသင့်သလို လက်ရှိမှာ သတ်မှတ်ပေးတာ မရှိတာကြောင့် စက်သုံးဆီ တန်းစီသူတွေအတွက် အချိန်ကုန် လူပင်ပန်း ရတယ်လို့ သူက ဆက်ပြောပါတယ်။
မွန်ပြည်နယ် ဒေသခံ နောက်တစ်ဦးကလည်း စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီ ပြတ်လပ်မှုတွေ တော်တော်များများ ဖြစ်ပေါ်နေတာကြောင့် အောက်ခြေ ပြည်သူတွေပါ ဒုက္ခရောက်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဆီကတော့ တော်တော်များများ ပြတ်နေတယ်။ အများကြီး တော်တော်များများ ဖြစ်တာပေါ့။တစ်နေ့လုပ် တစ်နေ့စား သမားတွေက ဆိုင်ကယ် အစုတ်လေးနဲ့ အလုပ်သွား အလုပ်လာရတာ။ ဆီထည့်လို့ မရတဲ့ ဒုက္ခတွေက အများကြီး ရောက်တာပေါ့”လို့ ဆိုပါတယ်။
တဖက်မှာ စစ်ကော်မရှင် လက်အောက်ခံ မွန်ပြည်နယ် ရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေး ဦးစီးဌာနကတော့ စက်သုံးဆီ ခြိုးခြံ ချွေတာဖို့နဲ့ ဖူလုံမှု ရှိဖို့ အတွက်ဆိုကာ ဆိုင်ကယ် တစ်စီးကို ကျပ် ၅၀၀၀ ဖိုး၊ သုံးဘီးနဲ့ အိုးဝေ တစ်စီးကို ကျပ် ၁၀၀၀၀ ဖိုးနဲ့ အိမ်စီးကား တစ်စီးကို ကျပ် ၃၀၀၀၀ ဖိုးသာ ရောင်းချဖို့ ညွှန်ကြားထားတာပါ။
ဒါ့အပြင် ခရီးသည်တင်ယာဉ်တွေ၊ Light Truck နဲ့ ကုန်ကားတွေကိုတော့ ဒီဇယ်ဆီ ကျပ် တစ်သိန်းဖိုး ရောင်းချခိုင်းထားပြီး ပရီမီယံ ဒီဇယ်ကားတွေကိုတော့ နံပါတ် အနီကို ကျပ် ၄၀၀၀၀ ဖိုးနဲ့ နံပါတ်အနက်ကိုတော့ ကျပ် ၃၀၀၀၀ ဖိုးသာ ရောင်းချ ခိုင်းထားပါတယ်။
စက်သုံးဆီ အရောင်းဆိုင်တွေမှာတော့ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစလို့ စုံရက်တွေမှာ စုံနံပါတ် အက္ခရာ ပါတဲ့ မော်တော်ယာဉ်တွေနဲ့ မရက်တွေမှာ မနံပါတ် အက္ခရာ ပါတဲ့ မော်တော်ယာဉ်တွေကိုသာ စက်သုံးဆီ ရောင်းချဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။







