စစ်သုံ့ပန်းစခန်းကို စစ်ကော်မရှင် ဗုံးကြဲ၍ ကလေးတစ်ဦးအပါအဝင် ၅ ဦးသေဆုံး

စစ်သုံ့ပန်းစခန်းကို စစ်ကော်မရှင် ဗုံးကြဲ၍ ကလေးတစ်ဦးအပါအဝင် ၅ ဦးသေဆုံး

ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်းရှိ စစ်သုံ့ပန်းမိသားစုဝင်များ ထိန်းသိမ်းရာစခန်းကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့သည်။

မယ်စဲ့မြို့နယ်ရှိ စစ်သုံ့ပန်းမိသားစုဝင်များကို ထိန်းသိမ်းစောင့်ရှောက်ထားသည့် စခန်းတစ်ခုအား စစ်ကော်မရှင် က မတ်လ ၅ ရက်၊ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦး သေဆုံးသွားကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ IEC အတွင်းရေးမှူး -၂ ဦးဗညားက “မယ်စဲ့မှာ တိုက်ပွဲမရှိဘူးဗျ။ အခုသေဆုံးသွားတဲ့သူတွေက ဖားဆောင်းမှာ ဖမ်းမိပြီး ထိန်းသိမ်းထားတဲ့ တပ်မိသားစုဝင်တွေပါ။ ကျနော်တို့က အသေအချာ ကာကွယ်စောင့်ရှောက် ထားတဲ့ချိန်မှာ သူ့တပ်ဖွဲ့ဝင် မိသားစုကို တမင်တကာ ဗုံးကြဲ သတ်ဖြတ်တာကတော့ မင်းမဲ့ စရိုက်ပဲ လို့ပြောလိုတယ်။ ဒီမနက် ၁၀ နာရီ ၁၅ မိနစ်မှာ ထိန်းသိမ်းရေးစင်တာကို ဗုံးကြဲလို့ အမျိုးသမီး ၄ ဦး အပါ အဝင် ၅ ဦးသေတယ်။ သေဆုံးတဲ့ အမျိုးသမီးတွေထဲမှာ ၈ နှစ်ရွယ်သမီး တစ်ဦးပါဝင်တယ်” ဟု ပြော သည်။

ယမန်နေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် တိုက်ပွဲ ဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကော်မရှင်လေတပ်က ပေါင် ၂၀၀ ဗုံးဟု ယူဆရသည့် ဗုံးသီး ၈ လုံးခန့်ကို အဆိုပါ ထိန်းသိမ်းရေးစခန်းနှင့် အနီးဝန်းကျင်သို့ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ထိန်းသိမ်းရေးစခန်းသည် ကရင်နီပြည် တရားရေးဌာနအောက်တွင်ရှိပြီး ဖားဆောင်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို လူသားချင်းစာနာမှုအရ ထိန်း သိမ်းထားရှိသည့် နေရာဖြစ်သည်။

မယ်စဲ့မြို့နယ်အတွင်းရှိ သတင်းရင်းမြစ်တစ်ခုကလည်း “ကျနော်တို့အနောက်နားက လာကြဲသွားတာဗျ။ အခုန က ရဲဘော်တစ်ယောက် သွားကြည့်ပြီး ပြန်လာပြောပြတာတော့ ၅ ယောက်သေတယ်တဲ့။ ၇ ယောက် ဒဏ်ရာရ တယ်ဆိုပြီး ပြန်လာပြောပြတယ်ဗျ။ တော်လှန်ရေး ရဲဘော်တွေကို မေးရင်တော့ ပိုတိကျမယ်။ ခဏနေ လေယာဉ်က ပြန်လာအုံးမယ်ပြောတော့ ကျနော်တို့လည်း ဘယ်မှ မသွားရဲဘူး” ဟု ပြောသည်။

မယ်စဲ့မြို့နယ်သည် ထိုင်းနိုင်ငံနယ်စပ်နှင့် နီးကပ်သည့် မြို့ဖြစ်သော်လည်း စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲမှုကို မကြာခဏ ပြုလုပ်လေ့ရှိသည်။

ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း မယ်စဲ့ရှိ အကျဉ်းထောင်တစ်ခုတွင် စစ်သုံ့ပန်း ၇၆ ဦးနှင့် အကျဉ်းသားအချို့ အပါအဝင် စုစုပေါင်း ၈၃ ဦး ထောင်ဖောက်ထွက်ပြေးသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။

၎င်းတို့အနက် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားသူများကို ထိုင်းစစ်တပ်က ဇန်နဝါရီ ၂၆ ရက်တွင် မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် စစ်ကော်မရှင်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

ယခုကဲ့သို့ စစ်ကော်မရှင်က မိမိတို့၏ တပ်ဖွဲ့ဝင်မိသားစုဝင်များ ခိုလှုံရာနေရာကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာ ခြင်းကြောင့် ဒေသတွင်း လုံခြုံရေးနှင့်ပတ်သက်၍ ဒေသခံများ၏ စိုးရိမ်မှုမှာ ပိုမိုမြင့်တက်လျက်ရှိသည်။

လက်ရှိတွင် IEC အနေဖြင့် ဗုံးကြဲခံရမှုကြောင့် အသေးစိတ် ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ဆက် လက် အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။

Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...
March 24, 2026
ရှမ်းပြည် မြောက်ပိုင်းတွင် နယ်မြေအငြင်းပွားမှုများကြောင့် တိုက်ပွဲများအထိ ဖြစ်ပွားခဲ့သည့်...
March 23, 2026
ရွေးကောက်ပွဲ ကာလအတွင်း စစ်ကော်မရှင်က နည်းပညာသုံး၍ သတင်းမီဒီယာများကို ဒစ်ဂျစ်တယ်အမှောင်ချပြီး...