တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့ကို ဖေဖော်ဝါရီ တတိယပတ်အတွင်း စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင် ဝါဒဖြန့် သတင်းစာတွေက ဖော်ပြပါတယ်။
စစ်ကိုင်းတိုင်းက ဗန်းမောက်မြို့နဲ့ ကရင်နီပြည်နယ်က ဖားဆောင်းမြို့တို့ကို စစ်တပ်က အင်အားအလုံးအရင်းသုံးပြီး လေးလကျော်လောက် တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ ရွေးကောက်ပွဲအလွန်မှာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ နှောင်းပိုင်းကတည်းက စစ်တပ်နဲ့ ရှမ်းနီအမျိုးသားတပ်မ တော် SNA တို့က ထိုးစစ်ဆင်ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပြန်လည် ရရှိခဲ့တာပါ။
ကရင်နီတပ်ပေါင်းစုတွေ ထိန်းချုပ်ထားတဲ့ ဖားဆောင်းမြို့ကိုလည်း စစ်တပ်က “ရန်နိုင်မင်း” စစ်ဆင် ရေးနဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဝါဒဖြန့် သတင်းစာတွေမှာ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၃၀ ရက်နေ့ကစပြီး ဘောလခဲ-ထူးချောင်း-ဖားဆောင်း ဆက်သွယ်ရေးလမ်းကြောင်းရဲ့ အနောက်ဘက်ခြမ်းကနေ စတင်ကာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်တပ်က ဆိုပါတယ်။
အဲဒီနောက်ပိုင်း အခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာတော့ ကရင်နီတပ်ပေါင်းစုတွေရဲ့ အမာခံရွာတွေဖြစ်တဲ့ နမ့်ကစ်ကျေးရွာနဲ့ ပါပုကျေးရွာတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖားဆောင်းမြို့ပေါ်ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ဦးဗညားက စစ်တပ်ဘက်က ဘော်လခဲကနေ စစ်ကူအင်အား ၅၀၀ လောက် သုံးပြီး မြို့ထဲကို ပြန်ဝင်နိုင်သွားတယ်လို့ သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။
အခြားတစ်ဘက်မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး အချိန်မရွေး တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်သလို ပြည်သူတွေအတွက် လေကြောင်းရန်က အန္တရာယ်အရှိဆုံးလို့ သူက ဆက်ပြောပါတယ်။
"လက်ရှိ အခြေအနေက စစ်အင်အား သာလွန်တာရယ် နောက်ပြီးတော့ စစ်လက်နက်ရော ဒရုန်းနည်းပညာရော အထူးသဖြင့် လေယာဉ်ပေါ့၊ အဓိက လေယာဉ်ပါပဲ။ လေယာဉ်ပစ်ကူတွေ ဗုံးအဆပေါင်းများစွာ ကြဲပြီး တိုက်ခိုက်တဲ့ဟာက ကျွန်တော်တို့အတွက်က စိန်ခေါ်မှု အကြီးဆုံးဖြစ်တာပေါ့။ အဲဒါကြောင့်မို့ တချို့ နေရာတွေမှာ မဟာဗျုဟာအရ ကျွန်တော်တို့ ဆုတ်ပေးရတာက စစ်ရေးအရ ကြည့်ရင် လေယာဉ်ကြောင့်လည်း အများကြီးပါတာပေါ့" လို့ ဆိုပါတယ်။
စစ်တပ်အနေနဲ့ အာဏာသိမ်းမှုအတွင်း နိုင်ငံတဝန်း မြို့ပေါင်း ၁၀၀ ကျော်အထိ လက်လွှတ်ခဲ့ရပေမယ့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအပြီးမှာတော့ တရုတ်အစိုးရရဲ့ ကျားကန်ပေးထားမှုကြောင့် နိုင်ငံရေးအရရော စစ်ရေးမှာပါ တဖန် ရုန်းထလာနိုင်ခဲ့ပါတယ်။
ဒါကြောင့် လက်ရှိအချိန်မှာ ဆုံးရှုံးနယ်မြေထဲက ကောလင်း၊ လားရှိုး၊ ဆီဆိုင်၊ မိုးဗြဲ၊ နောင်ချို၊ သပိတ်ကျင်း၊ ဒီးမော့ဆို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ စဉ့်ကူး၊ ဗန်းမောက်နဲ့ ဖားဆောင်းမြို့တွေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က စစ်တပ်အနေနဲ့ အရင်လိုမျိုး စစ်ရေးဗျူဟာတွေ မသုံးဘဲ လက်နက်ကြီးတွေနဲ့ လေကြောင်းပစ်ကူတွေရဲ့ ပစ်အားကို အသုံးပြုကာ လူအရောက် ကျည်အရောက်ပုံစံမျိုး လုပ်လာတယ်လို့ သုံးသပ်ပါတယ်။
“လက်နက်ကြီး ပစ်ကူတယ်။ နောက်က စစ်ကြောင်းတွေ တက်လာတယ်၊ လေကြောင်းနဲ့ တိုက်တယ်၊ ဒရုန်းနဲ့ တိုက်တယ်။ နောက်က တပ်တွေ ရောက်လာတယ်။ အရင်တုန်းကလိုမျိုး လူကို အရင်လွှတ်တာ မဟုတ်တော့ဘဲနဲ့ ပစ်အားကို သုံးပြီးခါမှ လူအရောက် ကျည်အရောက် ပုံစံမျိုးနဲ့ လုပ်လာတာပေါ့။ ပစ်အားကို အဓိကထားပြီး သုံးလာတယ်။အလားတူပဲ မိုးကုတ်ဘက်မှာဆို ဒီအတိုင်း တွေ့ရတယ်။ အခု ကရင်နီဘက်မှာဆိုရင်လည်း ဒီပုံစံပဲ။ အဲဒီမှာ အဓိက မယှဉ်နိုင်တာက Fire Power ပေါ့။ အဓိက တိုက်ခိုက်ရေးအင်အားပဲ။ သူတို့မှာက လူသစ်အင်အားက လိုသလောက်ရတယ်။ တစ်လ ၅၀၀၀ ရတယ်။ ၅၀၀၀ နှုန်း သေသွားလည်း နောက်လ ၅၀၀၀ ရမှာပဲ။အဲဒီတော့ သူတို့ဘက်က လူအင်အား အပြုန်းတီးခံနိုင်တယ်” လို့ ဆိုပါတယ်။
တော်လှန်ရေးဘက်မှာတော့ စစ်တပ်ဝါဒဖြန့်သလို လက်နက်ချတာ ခွင့်မဲ့ပျောက်ဆုံးတာ တပ်ကနေ ထွက်ပြေးတဲ့ ဖြစ်စဉ်တချို့ ရှိနေတာမို့ ရှိသမျှ အင်အားနဲ့ တိုက်လိုက်ရင် တော်လှန်ရေးမျိုးတုန်းတဲ့အထိ ဖြစ်နိုင်တဲ့အတွက် မျိုးဆက်ကျန်အောင် ထိန်းပြီး တိုက်နေရတဲ့ အနေအထားလို့ သူက ဆက်ပြောပါတယ်။
ဒါကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ အားတွေနဲ့ ထိန်းချုပ်ထားတဲ့ မြို့တွေကို ပြန်ပေးရတဲ့ အနေအထားဖြစ်ပြီး ငွေကြေးနဲ့ နည်းပညာမှာတော့ အလှူခံ အကူညီတောင်းခံလို့ ရပေမယ့် လူသူအင်အားကိုတော့ စစ်တပ်လို လုပ်လို့ မရနေဘူးလို့ CDM ဗိုလ်ကြီး ဇင်ယော်က ထောက်ပြပါတယ်။
၁၀၂၇ စစ်ဆင်ရေးကြောင့် အလဲလဲအပြိုပြို ဖြစ်ခဲ့ရတဲ့ စစ်တပ်ဟာ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီးနောက်ပိုင်း သောင်းချီရရှိလာတဲ့ တပ်အင်အားတွေကို လူလှိုင်းအဖြစ် အသုံးချနိုင်ခဲ့ပါတယ်။ အဲဒီကနေ ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေထဲက တချို့ကို တန်ပြန်ထိုးစစ်ဆင်ပြီး ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာပါ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူတို့ကို ထောက်ခံတဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး လက်နက်ကိုင်ပုန်ကန်မှုတွေကို ချေမှုန်းမယ်ဆိုတဲ့ လေသံမျိုး အခုလအတွင်းမှာတင် နှစ်ကြိမ်ထက်မနည်း ထုတ်ပြောခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ K3C တို့ကလည်း တော်လှန်ရေးအောင်မြင်အောင် ဆင်နွှဲဖို့ စုပေါင်းဦးဆောင်မှု အခင်းအကျင်းသစ်ကို အကောင်အထည်ဖော် ကြိုးပမ်းနေကြတယ်လို့ အသိပေးထားပါတယ်။







