ဒီးမော့ဆိုအနောက်ခြမ်း၊ ရေတွင်းပျက်ထဲက လူအရိုးစုကို ဆယ်ယူပြီး မြေမြှုပ်သင်္ဂြိုလ်ပေး

ဒီးမော့ဆိုအနောက်ခြမ်း၊ ရေတွင်းပျက်ထဲက လူအရိုးစုကို ဆယ်ယူပြီး မြေမြှုပ်သင်္ဂြိုလ်ပေး
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတရွာရဲ့ ရေတွင်းပျက်ထဲမှာ ရှိနေတဲ့ လူအရိုးစုတွေကို ပြန်လည်ဆယ်ယူပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဒီအရိုးစုတွေက ကြားတာကြာပြီ ကျနော်တို့လည်း ရွာပြန်လိုက်၊ ပြန်ပြေးရလိုက်နဲ့။ တခုခု လုပ်မယ်ဆိုလည်း ပြေးရမလား သေချာမသိတော့ မလုပ်နိုင်သေးတော့ ကျေးရွာကလည်း ဘားမရှိ အကုန်လုံးပျက်စီး မီးလောင်ကုန်တော့ ဒီတိုင်းပဲ ရွာကောင်းကောင်း ပြန်ရတဲ့တနေ့မှ ကောင်းကောင်းလုပ်မယ်ဆိုပြီး ရည်ရွယ်ထားတာ။ အရင်တလောက တအားခြောက်တယ်ပြောတော့ ရွာသားတွေလည်း မခံနိုင်တော့ ခွေးလည်းဟောင် ခြောက်လည်းခြောက်တော့ ရွာသားတွေလည်း လုပ်ပါအုံးဆိုတော့ ကျနော်တို့လည်း ကော်မတီအဖွဲ့က ပြန်ညှိပြီးတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ထုတ်လိုက်မယ် ရသလောက်ပေါ့။” လို့ ကျေးရွာကော်မတီဝင် တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ၊ ၁လေးလုံးစစ်ဆင်ရေး မတိုင်ခင်က အဆိုပါ ကျေးရွာရှိရာဖက်ကို စစ်ကော်မရှင်တပ်သားတွေ တပ်စွဲနေထိုင်ခဲ့တာပါ။ အဲ့ဒီအချိန် ကာလအတွင်း ကျေးရွာခံ အရပ်သား ၉ ဦးဟာ ပစ္စည်းပြန်ယူဖို့ နဲ့ အိမ်ပြန်ကြည့်ဖို့ ပြန်လာရင်း ပျောက်ဆုံးတဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ သူက ဆက်ပြောပြပါတယ်။

ဒီကနေ့မှာတော့ ပျောက်ဆုံးသွားတဲ့သူတွေရဲ့ မိသားစုဝင်တွေက လာရောက်ကြည့်ရှု့ကြပေမယ့် လူအရိုးစုနဲ့ အဝတ်အစားတွေကနေ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိကြပါဘူး။

“ရေတွင်းထဲမှာက ရေများတဲ့အတွက် ကျနော်တို့ ရေကိုအရင်စုပ်ထုတ်တယ်ပေါ့နော်။ရေက စုပ်ထုတ်ရတာလဲမလွယ်ဘူး။ စုပ်ထုတ်လေ ပြန်ထွက်လေ အဲ့လိုပုံစံမျိုးပေါ့။ ကျနော်တို့ငုပ်ပြီး ယူရတယ် ဦးခေါင်းခွံရယ်၊ ခြေထောက်အရိုးစုရယ်၊ လက်အရိုးစုရယ် ပြီးတော့ နံရိုးပေါ့ အများကြီးတွေ့ရတယ် အရိုးစတွေ။”လို့ IEC ပြည်ထဲရေး၊ ဌာနခွဲ အရေးပေါ်ကယ်ဆယ်ရေးဌာနရဲ့ အဖွဲ့ဝင်တဦးက အခုလို ပြောပြပါတယ်။

ဆယ်ယူထားတဲ့ အရိုးစုတွေက အပိုင်းအစဖြစ်နေတာကြောင့် မည်သူဘယ်ဝါဖြစ်တယ်ဆိုတာ အတည်မပြုနိုင်ပေမယ့် လူအရိုးစု နဲ့ အဝတ်အစားတွေအရ ၄ ဦးဖြစ်နိုင်ပြီး အရပ်သားတွေသာဖြစ်တယ်လို့ ဒေသခံတွေက မှတ်ချက်ပြုကြပါတယ်။

ရေတွင်းပျက်ထဲက လူအရိုးစုတွေကို ကျေးရွာခံတွေ ၊ ဖြူစင်မေတ္တာ နာရေးကူညီမှုအဖွဲ့ ၊ IEC ကယ်ဆယ်ရေးဌာန ၊ KNDF တပ်ရင်း(၇) ၊ နယ်‌‌မြေခံရဲတပ်ဖွဲ့ KSP‌‌ က ပူးပေါင်းဆယ်ယူခဲ့တယ်လို့ သိရှိရပါတယ်။ အဲ့ဒီနောက် ဆယ်ယူထားတဲ့ လူရိုးစုတွေကို ဘာသာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ကောင်းမွန်စွာ မြေမြှုပ် သင်္ဂြိုလ်ပေးခဲ့ပါတယ်။

ဓါတ်ပုံ - ကန္တာရ၀တီတိုင်း (မ်)
April 11, 2026
ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ ( ၂၆ ) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို...
April 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသတွေမှာ ဓာတ်ဆီတစ်လီတာကို နှစ်သောင်းကျပ်အထိ...
April 9, 2026
လောင်စာဆီ ချွေတာရေးအစီအမံအတွက် စက်သုံးဆီတင်သွင်းသယ်ယူမှု အခွန်ကင်းလွတ်ခွင့်ကို...
April 8, 2026
စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ သတင်းရယူနေတဲ့ အမျိုးသမီးသတင်းထောက်တွေ အထူးသဖြင့်...