ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာ ရေရှားပါးမှုကြုံတွေ့နေရ

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာ ရေရှားပါးမှုကြုံတွေ့နေရ
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ရေရှားပါးမှုကို စတင်ကြုံတွေ့နေရပြီး ရေအလှူရှင်မရှိတဲ့ စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေ ဝယ်ယူဖို့ အခက်အခဲရှိနေကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

အစားအစာချက်ပြုတ်ဖို့ ၊ သောက်သုံးဖို့အတွက် စစ်ဘေးရှောင်တွေဟာ ရေဝယ်ယူဖို့ ငွေကြေးမတတ်နိုင်တာကြောင့် ရေအလှူရှင်ရရှိဖို့ကို မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။

" ရေလဲမလာဘူး အလှူရှင်လဲ မလာဘူးဆိုရင် အဝတ်လည်း မလျှော်ဘူး သန့်ရှင်းရေးလည်း မလုပ်နိုင်တော့ဘူး။ ရေချိုးရင်လဲ ဝေးဝေး တစ်ပတ်တစ်ခါလောက်ပဲ ချိုးနိုင်တယ်။ အိမ်သာရေတောင် တခါတလေမရှိဘူး။ အဲ့မျိုးကျတော့ စိုးရိမ်ရတယ်။ ဝင်ငွေလဲ မရှိဘူး စီးပွားရေးလဲ မလုပ်တတ်ဘူး။ ထမင်းဟင်းချက်ဖို့ တစ်ပုံးနှစ်ပုံးလောက်ချန်တယ်။" လို့ ဒီးမော့ဆိုအနောက်ခြမ်းက စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

ရေကားတစီးကို ကျပ်ငွေ ၅သောင်းကနေ ၇ သောင်းအထိ ကျသင့်ပြီး နေရာ ၊ အကွာအဝေး ပေါ် မူတည်ပြီး ဈေးနှုန်းကွားခြားမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။ စက်သုံးဆီဈေးနှုန်း မြင့်တက်လာသလို ရေဝယ်ရတဲ့ဈေးနှုန်းလည်း ကြီးမြင့်နေတာကြောင့် အလုပ်အကိုင် မရှိကြတဲ့ စစ်ဘေးရှောင်တွေအတွက် ရေဝယ်ယူသုံးစွဲနိုင်ဖို့ အခက်အခဲရှိကြတယ်လို့ ပြောပါတယ်။

နွေရာသီမရောက်ခင် အခုလို ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတဲ့ စစ်ရှောင်တွေဟာ ရေကိုချွေတာသုံးစွဲရတယ်လို့လည်း ပြောပါတယ်။

"ရေတကယ်မရှိတဲ့အချိန်ဆို ထမင်းတောင် မချက်နိုင်ဘူး။ အဝတ်လျှော်တဲ့ရေ သို့မဟုတ် ရေချိုးတဲ့ရေဆို အောက်မှာပြန်ခံထားလိုက်တယ်။ ရေနည်းနည်းချိုးတယ် အဝတ်လည်း တခါတည်း လျှော်တယ်။အဲ့ရေတောင်မှ တခါ စည်ထဲမှာ တခါပြန်ပြီး အနည်ကျလာပြီဆို အပေါ်ကရေကို အိမ်သာရေနဲ့လည်း သုံးဖြစ်သွားတယ် အဲ့မျိုးပေါ့။ လက်ဆေးတဲ့ ရေလည်း သုံးဖြစ်တယ်" လို့ နောက်ထပ် စစ်ရှောင်အမျိုးသမီးတဦးကလည်း ပြောပါတယ်။

အခုလို ရေရှားပါးတဲ့ နောက်ဆက်တွဲအနေနဲ့ စစ်ဘေးရှောင်တွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အရေပြားယားယံမှုတွေ ဖြစ်ပွားနေကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ယခု ဇန်နဝါရီလကစပြီး ရေရှားပါးမှုပြဿနာကို ဒီးမော့ဆိုမြို့နယ်အပြင် တခြားမြို့နယ်တွေမှာလည်း ကြုံတွေ့နေရပြီး စစ်ရှောင်စခန်းတွေမှာ ရေအလှူရရှိဖို့အတွက် အကူအညီတောင်းခံမှုတွေ များပြားတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

June 16, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာခံနဲ့ စစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာတွေမှာ...
June 15, 2026
ကရင်နီပြည်တစ်နေရာမှာ ကညားမော်ဖောင်ဒေးရှင်းက ဦးဆောင်ပြုလုပ်ခဲ့တဲ့ တစ်လခွဲကြာ...
June 13, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ဆိုလဖဲခို ကျေးရွာမှာ ရာသီတုပ်ကွေးကြောင့် ဒေသခံတွေ...
June 13, 2026
“ကျမတို့ စနစ်သစ်မှာဆိုရင် ကျောင်းသား ၃၀ ဦးကို ၁ ခန်း (စာသင်ခန်း)နှုန်းနဲ့ ကျမတို့ သတ်မှတ်တယ်။ ၃၀...