ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပဖို့ စစ်တပ်စစ်ကြောင်းထိုးထား

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပဖို့ စစ်တပ်စစ်ကြောင်းထိုးထား
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်နေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာတွေထဲကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးပြီး ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေရာယူထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇန်နဝါရီလ အစောပိုင်းရက်တွေကစလို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖွဲ့တွေ အများအပြားပါဝင်တဲ့ စစ်ကားတန်းတွေဟာ မွန်ပြည်နယ်ကနေ ကရင်ပြည်နယ် ဘားအံမြို့ကို ရောက်ရှိဖြတ်သန်းလာပြီး အဲဒီကတစ်ဆင့် လှိုင်းဘွဲမြို့ထဲ ဝင်ရောက်လာတာပါ။

စစ်ကော်မရှင်တပ်ဟာ လှိုင်းဘွဲမြို့ပေါ်ကို ရောက်ရှိလာပြီးနောက် မြို့ပတ်ဝန်းကျင်တစ်ဝိုက်ကို အင်အားအများအပြားချထားကာ လုံခြုံရေးတင်းကြပ်တဲ့အပြင် လှိုင်းဘွဲ-ပိုင်ကျုံလမ်းပိုင်းအနီးက ကစို၊ကမာလင်း၊ ငှက်ပျောတော၊နောင်ခလုံး စတဲ့ကျေးရွာတွေမှာလည်း စစ်ကော်မရှင်တပ် အင်အားအများအပြား ရောက်ရှိနေပါတယ်။

စစ်ကော်မရှင်တပ်စစ်ကြောင်း ရောက်ရှိတပ်စွဲထားတဲ့ ကျေးရွာတွေဟာ KNU အုပ်ချုပ်ရေးအရ ဖားအံခရိုင် တပ်မဟာ ၇ နယ်မြေထဲမှာ ပါဝင်နေသလို အဲဒီကျေးရွာတွေအများစုဟာလည်း BGF ကနေအသွင်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ်မတော် KNA အမှတ် ၂ စစ်ဒေသ ထိန်းချုပ်ထားတဲ့နေရာတွေဖြစ်ကြပါတယ်။

စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၂ မှာ ကရင်ပြည်နယ်က လှိုင်းဘွဲမြို့နယ်နဲ့ ဖာပွန်မြို့နယ်တို့ ပါဝင်ပြီး အဲဒီမြို့နယ်တွေထဲမှာ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ PSDP၊ ပြည်ခိုင်ဖြိုးပါတီ စတာတွေ မဲဆွယ်စည်းရုံးရေးဆင်းနေတယ်လို့ အဲဒီပါတီတွေက သတင်းထုတ်ပြန်ထားပါတယ်။

လှိုင်းဘွဲမြို့နယ်နဲ့ ဖာပွန်မြို့နယ်တွေထဲမှာ ဖာပွန်မြို့၊ ရှမ်းရွာသစ်မြို့အပါအဝင် ကျေးရွာတွေအများစုမှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ စစ်ကော်မရှင်က ကြေညာထုတ်ပြန်ထားပြီး ကမမောင်းမြို့ပေါ်၊ လှိုင်းဘွဲမြို့ပေါ် နဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာသာ ရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ လှိုင်းဘွဲမြို့နယ်အတွင်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်တာ မရှိသေးပေမယ့် တင်းမာမှုတွေဖြစ်ပေါ်လာနိုင်ပြီး ဖာပွန်မြို့နယ်ထဲမှာတော့ ကတိုင်တိကျေးရွာနဲ့ ဖာပွန်စစ်ဗျူဟာတွေမှာ တိုက် ပွဲတွေ မကြာမကြာ ဆက်ရှိနေကာ စစ်ကော်မရှင်က လေယာဉ်ဗုံးကြဲမှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့တာပါ။

အထူးသဖြင့် ဖာပွန်ဗျူဟာမကျရေးအတွက် စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ နေ့စဉ် ဗုံးကြဲပစ်ကူပေးနေသလို မြေပြင်စစ်ကူအနေနဲ့ ကမမောင်းမြို့ကနေ စစ်ကြောင်းစေလွှတ်ထားပေမယ့် တော်လှန် ရေးအင်အားစုရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ကမမောင်းမြို့နားက ဝါးဒူးရွာတဝိုက်မှာသာ ရှိနေသေးတာဖြစ်ပါတယ်။

ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...
ဓာတ်ပုံ - BGF
August 21, 2026
ကရင်ပြည်၊ ဖာပွန်စစ်ဆင်ရေးအတွင်း စစ်အုပ်စုတပ်ကို ကူညီပေးနေပြီး စစ်အုပ်စုတပ် လက်အောက်ခံအဖြစ်...
ဓာတ်ပုံ - CJ / Crd
August 20, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း ပြည်နယ်အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ၄ လကျော် ကာလ...