အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲကနေ ပေါ်လာမယ့် အစိုးရအဖွဲ့အပြောင်းအလဲဟာ မြန်မာပြည်သူတွေအတွက် မျှော်ကိုးစရာ ဘာမှမရှိနေဘူးလို့ လေ့လာသူတွေက ပြောပါတယ်။
အပိုင်း ၁ ရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေဟာ စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို မသိကျိုးနွံပြုပြီး အမျိုးမျိုးသော ကတိကဝတ်တွေနဲ့ လူထုကို မဲဆွယ်စည်းရုံးနေကြတာပါ။
ပြည်တွင်းစစ်ဖြစ်ပွားနေချိန်မှာ ဒီမိုကရေစီပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ ရွေးကောက်ပွဲဝင်ပြိုင်ကြပေမယ့် နေ့စဉ်နဲ့အမျှ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ လူထုရဲ့ အကျပ်အတည်းတွေကိုတော့ ထုတ်ပြောဖို့ နှုတ်ဆိတ်နေပါတယ်။
ဒီအခြေအနေမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပပြီးရင် လွှတ်တော်ခေါ်ယူပြီး အသစ်ဖွဲ့စည်းမယ့် အစိုးရကို အာဏာလွှဲပြောင်းပေးမှာဖြစ်လို့ ၂၀၂၆ ခုနှစ် မတ်လကုန်မှာ အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပေါ်လာမယ်လို့ ရန်ကုန်တိုင်းကို ရောက်ရှိချိန် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
လေ့လာသူတွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ စစ်အာဏာရှင် သက်ဆိုးရှည်အောင် လုပ်ဆောင်တာဖြစ်လို့ ရွေးကောက်ပွဲအလွန်မှာ နိုင်ငံရေး၊စစ်ရေးအရ ခက်ခဲတဲ့ကာလကို ပြည်သူတွေ ဆက်လက်ရင်ဆိုင်ရဦးမယ်လို့ သုံးသပ်ပါတယ်။
“သေချာတာတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားကတော့ သိသိသာသာ တိုးတက်ပြောင်းလဲသွားမှာ မဟုတ်ဘူး။စစ်ပွဲကလည်း အလျင်စလို ရပ်စဲသွားမှာ မဟုတ်တဲ့အတွက်ကြောင့် ရွေးကောက်ခံအစိုးရတစ်ရပ်ပဲ ပြောပြော စစ်အာဏာရှင်အစိုးရတစ်ရပ် ပေါ်လာတာကလွဲရင်တော့ မြန်မာနိုင်ငံအတွက်ကတော့ ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားမှာတော့ မဟုတ်ဘူး။သေချာတာတစ်ခုက ဒီစစ်အာဏာရှင်တွေရှိနေသရွေ့ ဒီအဖြစ်ဆိုးကတော့ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေက ဆက်ပြီး ခံစားရမှာတော့ ရှိတယ်လို့ပဲ မှတ်ချက်ပြုလိုပါတယ်”လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မကြာခင် ကျင်းပတော့မယ့် စစ်ကော်မရှင်ရဲ့ အထွေထွေရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံ ပြုထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေ စစ်ယူနီဖောင်းချွတ် စစ်ဗိုလ်အရာရှိတွေ ရာနဲ့ချီ ဝင်ပြိုင်ဖို့ စာရင်းသွင်းထားတာပါ။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီ ၆ ခုသာရှိပြီး အဲဒီထဲက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ကိုယ်စားလှယ်လောင်း အများဆုံးဖြစ်သလို ပြိုင်ဘက်မရှိတဲ့ မဲဆန္ဒနယ်မြေ ၂၈ နေရာမှာ အနိုင်ရရှိထားပါတယ်။
တစ်ဘက်မှာ စစ်တပ်နဲ့ သဟဇာတ ဖြစ်အောင် လက်တွဲလုပ်ဆောင်နိုင်သူတွေကို မဲပေးရွေးချယ်ဖို့ စစ်ခေါင်းဆောင်က ထုတ်ပြောခဲ့သလို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း စစ်တပ်နဲ့ အဆင်ပြေတဲ့ ပါတီကိုသာ မဲပေးဖို့ သိမ်းသွင်းစည်းရုံးနေတာပါ။
ပါတီဥက္ကဌ ဦးခင်ရီက နိုင်ငံမှာ သောင်းကျန်းသူတွေ အတော်များပြီး အစိုးရသစ်က စစ်တပ်နဲ့ ကျောချင်းကပ် ရင်ချင်းကပ် မဆောင်ရွက်နိုင်ရင် နောက်နေ့ ပြုတ်ကျသွားမှာဖြစ်လို့ စံထားပြီး ရွေးရမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က ပုသိမ်မြို့မှာ ပြုလုပ်တဲ့ မဲဆွယ်ပွဲမှာ ထုတ်ပြောခဲ့ပါတယ်။
ဒါဟာ ရွေးကောက်ပွဲကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အစိုးရမဖွဲ့နိုင်ခဲ့ရင်တောင်မှ အခြားပါတီတွေ အစိုးရဖွဲ့လာရင်လည်း စစ်တပ်အလိုကျ လိုက်ကနိုင်မှသာ အာဏာတည်မြဲမယ့် သဘောလို့ နားလည်ရပါတယ်။
ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ပြောခွင့်ရ နိုင်ပီတာက စနစ်အရ စစ်တပ်လိုလားတဲ့ အစိုးရပုံစံတစ်ရပ်ကို ရွေးကောက်ပွဲကနေ တရားဝင်မှုအတုနဲ့ ဖွဲ့စည်းမှာဖြစ်လို့ အနိုင်ရတဲ့ ပါတီအနေနဲ့ စစ်တပ်ရဲ့ အသုံးတော်ခံ ကပြမယ့် အခြေအနမျိုးလို့ သုံးသပ်ပါတယ်။
“စနစ်အရရော ပုံစံအရရော စစ်တပ်က သူတို့ လိုလားတဲ့ အစိုးရပုံစံတစ်ရပ်ကို ရွေးကောက်ပွဲကနေတဆင့် တရားဝင်မှုအတုနဲ့ ဖွဲ့စည်းမယ့် ပုံစံပဲ ဖြစ်မယ်။ဆိုတော့ ဒီထဲမှာမှ ကံကောင်းလို့ပဲပြောပြော ကံဆိုးလို့ပဲပြောပြော ကြံ့ခိုင်ရေးပါတီကို ကျော်ပြီး ရွေးကောက်ပွဲမှာ နိုင်သွားတယ်ဆိုရင်လည်း စစ်တပ်က လုပ်ပေးတဲ့ အခင်းအကျင်း စစ်တပ်ရဲ့ ပြောတယ်ဆိုတဲ့ အခင်းအကျင်းအောက်မှာပဲ သွားပြီး အသုံးတော်ခံ ကပြမယ့် အခြေအနေမျိုးတော့ ဖြစ်လိမ့်မယ်”လို့ ဆိုပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ ဒီနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းပိုင်းအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲမှာ လူထုစိတ်ဝင်စားမှုနည်းတာနဲ့ မဲပေးမယ့်သူ နည်းမှာကို စိန်ခေါ်မှုအဖြစ် ကြုံတွေ့နေရတယ်လို့ Data for Myanmar ရဲ့ အစီရင်ခံစာက ထောက်ပြပါတယ်။
စစ်ကော်မရှင်ကလည်း နိုင်ငံသားတိုင်း မဲပေးဖို့ တာဝန်ရှိတာ နိုင်ငံသားတိုင်း အခွင့်အရေးမဆုံးရှုံးဖို့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ စတာတွေကို နိုင်ငံပိုင် ရုပ်သံနဲ့ ရေဒီယို အပါအဝင် လူမှုကွန်ရက်တွေမှာ နှိုးဆော်နေတာပါ။
နိုင်ငံရေးပါတီတွေကလည်း မဲမပေးရင် ကိုယ်မလိုချင်တဲ့ ပါတီနိုင်သွားမယ်၊ ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်မှ ပြည်သူတွေရဲ့ အသံကို ထုတ်ဖော်တင်ပြနိုင်မယ်လို့ ထောက်ပြကြောင်း Data for Myanmar ရဲ့ အစီအရင်ခံစာက ဖော်ပြပါတယ်။
ပြည်သူတစ်ဦးကတော့ ဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီငယ်တွေဟာ အစိုးရဖွဲ့နိုင်လောက်တဲ့ စုဖွဲ့မှု မရှိနေတဲ့အတွက် ရွေးကောက်ပွဲကနေ ပေါ်လာမယ့် အစိုးရအပြောင်းအလဲကို လောက်လောက်လားလား မျှော်လင့်လို့ မရနိုင်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။
“ကျွန်တော်တို့ အမြင်ကတော့ ပြည်သူတွေကတော့ လောက်လောက်လားလား ဘာမှ မျှော်လင့်လို့ ရမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူကို ကိုယ်စားပြုတဲ့ အဓိက ပါတီတွေကလည်း ရွေးကောက်ပွဲမှာ မပါလာဘူး။ ပြီးတော့ လက်ရှိ ပါတီငယ်တွေကလည်း အစိုးရဖွဲ့ဖို့ မဖြစ်နိုင်ဘူး။ အစိုးရဖွဲ့လောက်တဲ့ စုဖွဲ့မှုလည်း မရှိဘူးဆိုတော့ ၂၀၂၅ ၊ ၂၀၂၆ ရွေးကောက်ပွဲက ပြည်သူတွေ သိပ်မျှော်လင့်လို့ ရတဲ့ ရွေးကောက်ပွဲမျိုးတော့ မဖြစ်လာနိုင်ဘူး။ဒီကနေတဆင့် နောက်ဖြေလျှော့မှုတွေ ဖြစ်လာရင်တော့လည်း မျှော်လင့်လို့ ရတာပေါ့။လောလောဆယ်တော့ ဒီအခင်းအကျင်းကို ကြည့်ချင်းအားဖြင့် လူတွေက လောက်လောက်လားလား မျှော်လင့်လို့ မရနိုင်ဘူး”လို့ ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အနိုင်ရရှိခဲ့မှုအပေါ် စစ်တပ်က မဲသမာမှုအကြောင်းပြချက်နဲ့ အာဏာအရပ်ရပ်ကို သိမ်းယူပြီး နိုင်ငံကို အရေးပေါ်အခြေအနေအဖြစ် တစ်နှစ်ကြေညာခဲ့ပါတယ်။
အဲဒီကနေ တစ်ကြိမ်မှာ ၆ လအထိ တိုးခွင့်ရှိတဲ့ အရေးပေါ်အခြေအနေကို ဖွဲ့စည်းထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ အကြိမ်ကြိမ် တိုးယူခဲ့ပြီးနောက်မှာတော့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကတော့ နိုင်ငံအနှံ့ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေ၊ ဒီမိုကရေစီခေါင်းဆောင်တွေကို မတရား ဖမ်းဆီးထားမှုတွေအောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ စစ်အုပ်စုအတွက် တရားဝင်မှု ရရှိရေး ဖန်တီးဖို့ ရည်ရွယ်တဲ့ လိမ်လည်လှည့်ဖြားမှုလို့ အသိပေးထားပါတယ်။







