“တံတား အသစ်ကြီးမှာဆိုရင် အနီရောင် ကြယ်တစ်ပွင့် အလံကြီးတွေကို တွေ့လိုက်ရတော့ မျက်ရည်တွေ ဝဲပြီး ရင်ထဲမှာ ဆို့နစ်သွားတာပဲ.. ဘယ်လောက်ပဲ စစ်တပ်ကို မကြိုက် မကြိုက် တစ်ခြားသူတွေ လာတော့ ဝမ်းနည်းတယ်” လို့ ရှမ်းပြည်နယ် မြောက်ပိုင်း မှာ နေထိုင်သူ ဒေါ်နန်းခမ်း(အမည်လွှဲ) က ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့ ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်နှစ်ပြည့်မြောက်မှာ ဖြစ်ပါတယ်။ စစ်ရှောင်အပြီး နှစ်နှစ် အကြာ နေရပ်ကို ပြန်လာခဲ့သူ ဒေါ်နန်းခမ်းဟာ မိတ်ဆွေတွေရဲ့ အခြေအနေတွေ တည်ငြိမ်နေပြီ ဖြစ်ကြောင်း ပြောကြားချက်တွေကြောင့် မယုံရဲ ယုံရဲနဲ့ နေရပ်ကို ပြန်လာခဲ့သူ ဖြစ်ပါတယ်။
ယခင် လားရှိုးခရိုင် လက်အောက်မှာရှိပြီး ကုန်ကားကြီးတွေ ဖြတ်သန်းသွားလာတဲ့ ကြားမြို့သာသာပဲ ရှိတဲ့မြို့လေးဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့ လှိုင်းလုံးတွေ ရိုက်ခတ်ပြီး ၂ နှစ် အကြာမှာတော့ စစ်ရေး မြေပုံပေါ်မှာ သာမက နိုင်ငံရေး၊ စီးပွားရေး စားပွဲဝိုင်းတွေပေါ်မှာပါ မီးမောင်းထိုးခံနေရတဲ့ မြန်မာပြည်ရဲ့ ဗဟိုချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
စစ်ကောင်စီနဲ့ ကိုးကန့် (MNDAA) တို့ကြား အပစ်အခတ်ရပ်စဲရေးဆိုတဲ့ စာချုပ်တစ်စောင် ရှိနေပေမဲ့၊ ဒီမြို့ရဲ့ ကံကြမ္မာကတော့ ရေပွက်ပမာ မတည်ငြိမ်သေးပါဘူး။
သိန္နီဟာ စစ်တပ်အတွက် တိုင်းစစ်ဌာနချုပ်ရှိခဲ့တဲ့ လားရှိုးလို အရေးပါသလို၊ ကိုးကန့်တပ်တွေအတွက်လည်း ၁၀၂၇ စစ်ဆင်ရေးရဲ့ ရလဒ်နဲ့ ၎င်းတို့နယ်မြေကို ခိုင်မာအောင် ထိန်းသိမ်းထားမယ့် ရှေ့တန်းခံတပ် တစ်ခုလို ဖြစ်နေတာကို မြင်တွေ့ရနိုင်ပါတယ်။
ဒါ့အပြင် စစ်တပ်နဲ့ ကိုးကန့်တို့ အကြား နယ်နမိတ်မျဉ်း တစ်ခုလို့ သတ်မှတ်ခံထားရတဲ့သိန္နီမြို့ဟာ လက်ရှိမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးရဲ့ အကြီးဆုံးဂိတ်ဖြစ်တဲ့ မူဆယ် (၁၀၅ မိုင်) နဲ့ ဒုတိယအကြီးဆုံး ချင်းရွှေဟော် ဂိတ်တွေကို ဆက်သွယ်ပေးထားတဲ့ အဓိက လမ်းဆုံ ဖြစ်လို့ လာ ပါတယ်။
တရုတ်နိုင်ငံကနေ မြန်မာပြည်မ (မန္တလေး၊ ရန်ကုန်) ကို တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ နဲ့ မြန်မာကနေ တရုတ်ကို တင်ပို့တဲ့ သယံဇာတပစ္စည်းတွေ၊ စိုက်ပျိုးရေးထွက်ကုန်တွေ ဟာ တရား ဝင်ရော တရားမဝင်ပါ စီးဆင်းတဲ့ ပင်မလမ်းမကြီး ကို ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ One Belt One Road (BRI) စီမံကိန်းအရ စွမ်းအင်ပိုက်လိုင်းတွေနဲ့ အခြေခံအဆောက်အအုံ စီမံကိန်းအချို့ဟာလည်း သျှမ်းမြောက်ဒေသမှာ ရှိနေတာကြောင့် ၎င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စိတ်ချလက်ချ ကာကွယ်ထိန်းသိမ်းဖို့ရာ သိန္နီတည်ငြိမ်ရေးကို အလိုရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလမှာ သိန္နီဒေသ တစ်ဝိုက် တိုက်ပွဲများကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခဲ့ပြီး တရုတ်ရဲ့ စီးပွားရေးအရ ဆုံးရှုံးမှု ကြီးမားခဲ့ပါတယ်။ ဒါကြောင့် သိန္နီကို တည်ငြိမ်အေးချမ်းစေမယ့် အုပ်ချုပ်ရေးအဖွဲ့တစ်ခု (MNDAA ဖြစ်စေ၊ စစ်ကောင်စီဖြစ်စေ) က ထိန်းချုပ်ထားပြီး ကုန်သွယ်ရေးကို အမြန်ဆုံး ပြန်လည်စတင်စေဖို့ တရုတ်က ဖိအားပေးနေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ အတွက်ကတော့ ကုန်သွယ်မှုရဲ့ အကျိုးအမြတ်၊ ရင်းနှီးမြှုပ်နှံမှုရဲ့ လုံခြုံရေးနဲ့ ဒေသတွင်း ဩဇာတည်ဆောက်ရေးအတွက် အဓိကကျတဲ့ မဟာဗျူဟာ မြို့လယ်ခေါင် ဖြစ်နေပေမယ့် ဒေသခံတွေ အတွက်ကတော့ နိဗ္မာန်လား ငရဲလား ပါပဲလို့ ဒေါ်နန်းခမ်းက ရင်ဖွင့်ပါတယ်။
သူမ စစ်ရှောင်တာ ၂ နှစ်ပြည့်တဲ့အချိန် နေရပ်ကို ပြန်လာတဲ့အခါ ပြောင်းလဲမှုတွေ များစွာ ကြုံတွေ့ရတယ်လို့ ပြောပါတယ်။ တရုတ်နယ်စပ်တွေနဲ့ နီးတဲ့မြို့ဖြစ်ပေမယ့် စိုက်ပျိုးရေးကိုသာ အဓိကထား လုပ်ကိုင်ကြတဲ့မြို့ ဖြစ်တဲ့အတွက် စပါးအများဆုံး စိုက်ပျိုးတဲ့ နေရာတွေမှာ ဘူဒိုဇာနဲ့ ထိုးထားတဲ့ မြေကွက်လပ်ကြီးတွေ မျက်စိတစ်ဆုံး ကြံပင်တွေကို အံ့ဩတကြီး ကြည့်မိတယ်လို့ ဆိုပါတယ်။
သိန္နီလွင်ပြင်ဟာ သျှမ်းပြည်မြောက်ပိုင်းမှာ အရှည်ဆုံး လွင်ပြင်တစ်ခုလည်း ဖြစ်ပါတယ်။ စပါးအစိုက်များဆုံး ဒေသတစ်ခုလည်းဖြစ်ပြီး စပါး၊ ပြောင်း၊ ပဲပုတ်နဲ့ ဒေသထွက် အသီးအနှံတွေ အများဆုံး စိုက်ပျိုး ကြတာပါ။ မြေဩဇာပျက်စီးလွယ်တဲ့အတွက် မစိုက်ပျိုးကြတဲ့ ကြံပင်တွေကို မြင်ရတဲ့အတွက် သက်ပြင်းချမိတယ်လို့ ဆိုပါတယ်။
အိမ်အပြန်လမ်းတစ်လျှောက် ပေးဆောင်ရတဲ့ အခွန်အခ ဂိတ်တင် အခု ၃၀ လောက် ရှိတာကိုလည်း သူမ မှာအံ့ဩ မဆုံးလို့ ဖြစ်ရတယ်လို့ ပြောပါတယ်။ မြို့တွင်းကို ဝင်လိုက်ရင်ပဲ အစိမ်းရောင် ဝတ်စုံတွေ ဝတ်ထားတဲ့သူတွေ အများအပြားကို တွေ့မိတဲ့အခါ တုန်လှုပ်စိတ် ဖြစ်မိတယ်လို့ ဒေါ်နန်းခမ်း(အမည်လွှဲ) က ရင်ဖွင့်ပါတယ်။
“သူတို့ ပြောတဲ့ စကားကိုလည်း ငါနားမလည် ..ငါ ပြောတဲ့ စကားကိုလည်း သူတို့ နားမလည်..အခု ချက်ချင်းပဲ သေနတ်နဲ့ တောင် ပစ်လိုက်မှာ စိုးရတယ်..စကားတွေ ပြောတာလည်း အသံကျယ်ကျယ်နဲ့ ရိုင်းတယ် အရမ်း” လို့ ဒေါ်နန်းခမ်း(အမည်လွှဲ) က ခေါင်းကို လေးလေးပင် ယမ်းကာ ပြောပြပါတယ်။
သူမ သိခဲ့တဲ့ မြို့လမ်းမတန်း နေရာတွေမှာ အခုဆိုရင် တရုတ်စားသောက်ဆိုင်တန်းတွေ၊ လူသုံးကုန် ပစ္စည်းဆိုင်ကြီးတွေ၊ KTV တွေ၊ မြင်တွေ့လာရတယ်လို့ ပြောပြပါတယ်။ အကွင်းအကွက် ကောင်းတဲ့နေရာတွေကို သိန်းထောင်ချီပြီး ဝယ်ယူနေကြတဲ့အတွက် မိတ်ဆွေအချို့ မပြေလည်တဲ့ စီးပွားရေးအကြား မတည်ငြိမ်တဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ရောင်းထုတ်ကာ ပြောင်းရွှေ့သွားကြတယ်လို့လည်း သူမက သက်ပြင်းချကာ ဆိုပါတယ်။
“သူတို့ အချင်းချင်း မြို့ကို ရောင်းစားလိုက်ပြီလို့ ပြောတာပဲ..မဟုတ်ရင် ဘယ်သူက ဒီလောက် အတည်တကျ လုပ်ကြမှာလဲ.. မဟုတ်ဘူးလား.. အဲ့ဒါကြောင့်လည်း ငါ ကိုယ့်မြို့ ကိုယ်ပြန်လာတာပေါ့..စစ် ထပ်မဖြစ်နိုင်ဘူးလို့ ယူဆရတာပဲ ”လို့ ဒေါ်နန်းခမ်း(အမည်လွှဲ) က ဆိုပါတယ်။
ငယ်စဉ်ကတည်းက အသက် ၆၀ အထိ တစ်ပိုင်တစ်နိုင် ဈေးရောင်းစားခဲ့တဲ့ သူမအနေနဲ့ စစ်ကောင်စီ ပစ်ချထားလို့ ပျက်စီးသွားကာ ဟင်းလင်းပြင်ကြီး ဖြစ်နေတဲ့ ဈေးကွက်လပ်ကြီးကို ကြည့်ကာ အကြိမ်ကြိမ် သက်ပြင်းချမိတယ်လို့ ပြောပြန်ပါတယ်။
ဒါ့အပြင် သူမ အမြဲသွားနေကြ သိန္နီစော်ဘွား တည်ဆောက်ထားခဲ့တဲ့ ဘုန်းကြီးကျောင်းအရှေ့မှာ အခိုင်အမာ ဆောက်ထားတဲ့ လောင်းကစားတန်းလျားကြီးဟာ သူမ အံ့ဩတုန်လှုပ်မှုကို ၂ ဆဖြစ်စေတယ်လို့ ဆိုပါတယ်။ ယခင် ဘုရားပွဲရောက်မှသာ မြင်တွေ့ရတဲ့ အရာတွေဟာ အခုချိန်မှာ လူတစ်အုံးအုံးနဲ့လို့ ဆိုပါတယ်။
“အရင်က အပျော်ပဲ…အခုက အပျက်ဖြစ်လာနေပြီ..”လို့ အသံတုန်တုန် နဲ့ ဒေါ်နန်းခမ်း(အမည်လွှဲ) က ပြောပါတယ်။
၂ နှစ်အတွင်း အလုံးအရင်း တိုးဝင်လာကြတဲ့ လူမျိုးခြားတရုတ်လူမျိုးတွေ၊ ဒေသခံတွေအပေါ် သက်ရောက်မှု ကြီးလာတဲ့ လောင်းကစားဝိုင်းတွေ၊ နယ်မြေထိန်းချုပ်တာကို အကြောင်းပြပြီး အနီးပတ်ဝန်းကျင် လယ်မြေ အများအပြားကို သိမ်းဆည်းတာတွေ၊ စီးပွားရေးသမားတွေက နေရာကောင်းတွေကို ဈေးကောင်း ပေးဝယ်ယူတာတွေ စသဖြင့် ဒေသရဲ့ စီးပွားရေးနဲ့ လူမှုပတ်ဝန်းကျင်ဟာ တရုတ်ယွမ်ငွေ ဩဇာအောက်ကို ပိုမိုရောက်ရှိလာပါတယ်။
“အလုပ်လုပ်လိုက် လောင်းကစားလေး ပြေးလုပ်လိုက်နဲ့..အနီးအနားမှာလည်း ဟိုဟာပျောက် ဒီဟာပျောက်နဲ့… ပြီးခဲ့တဲ့ တစ်ခေါက်ကဆို ဒီလောင်းကစားကြောင့် မိတ်ဆွေတစ်ဦးတောင် အသတ်ခံလိုက်ရတယ်” လို့ မျက်ရည်ဝဲကာ အသံတိုးတိုးလေးဖြင့် ဒေါ်နန်းခမ်း(အမည်လွှဲ) က ဆိုပါသေးတယ်။
ဘာသာစကား မတူ၊ လူမျိုး မတူသူတွေရဲ့ လက်အောက်မှာ ဒေသခံတွေကို တုန်လှုပ်စေတဲ့ သေဒဏ်ပေး တရားစီရင်ရေးမျိုးဟာ ဘိန်းစား၊ သူခိုးတွေလို လူမျိုးတွေအတွက် နယ်မြေ ငြိမ်းချမ်းစေတယ် ဆိုပေမယ့် အမေးအမြန်းမရှိ ခေါင်းစဉ်တပ် ဖမ်းဆီးတာ၊ ငွေကြေး အမြောက်အများနဲ့ ပြန်လည် ရွေးထုတ်ရတာ စတဲ့ တရားဥပဒေ စိုးမိုးမှု တင်းကျပ်ထားတဲ့ ကိုးကန့်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ တစ်ဖြေးဖြေး တိတ်ဆိတ် လာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အပြစ်ဒဏ်စီရင်တာကို တစ်အိမ်တစ်ယောက်ခေါ်ပြီး ကြည့်စေခိုင်းတဲ့အတွက် ဒေါ်နန်းခမ်း(အမည်လွှဲ) တစ်ယောက် ၂ ရက်လောက် အိမ်တွင်းကနေ အိမ်ပြင်ထိတောင် မထွက်နိုင် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးဟာ ပြည်သူတွေ လိုချင်တဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို ဦးတည်တဲ့ တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ စစ်ရေးအောင်မြင်မှုရဲ့ နောက်ဆက်တွဲက ဖက်ဒရယ်အိပ်မက်နဲ့ လူမျိုးစုအခြေပြု အုပ်ချုပ်ရေးကြားက ကွာဟချက်ကို ဒေသခံတွေ မေးခွန်းထုတ်စရာ ဖြစ်နေသလို စိုးရိမ်စရာ ပူပန်စရာတွေလည်း ဖြစ်လာပါတယ်။
သိန္နီကို ကိုးကန့်လက်ထဲကနေ စစ်တပ်က ပြန်လည် တောင်းဆိုနေတာဟာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်ချင်တာလည်းဖြစ်သလို စစ်ရေး နိုင်ငံရေး သုံးသပ်သူတွေ အကဲခတ်ကြသလို စစ်ကောင်စီရဲ့ ထိုးစစ်လမ်းကြောင်းတွေ ပိုပွင့်သွားနိုင်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
စီးပွားရေးကြောင့်ပဲ ဖြစ်ဖြစ်၊ စစ်ရေး အခြေအနေကြောင့်ပဲ ဖြစ်ဖြစ် နေထိုင်နေသူ၊ စစ်ရှောင်နေသူ ဒေသခံတွေ ကတော့နေ့စဉ်နဲ့အမျှ ရင်တထိတ်ထိတ်နဲ့ နေထိုင်နေရတယ်လို့ ဆိုကြပါတယ်။
နယ်စပ်ကုန်သွယ်ရေးရဲ့ အကျိုးစီးပွားနဲ့ ကြီးမားတဲ့ နိုင်ငံရေးဖိအားတွေကြားမှာ ပြောင်းလဲမှုများစွာ ရှိနေတဲ့ သိန္နီမြို့လေးဟာ ရှေ့ဆက် ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမယ့် မြန်မာ့ပဋိပက္ခရဲ့ နယ်မြေတစ်ခု ဖြစ်နေပါတော့တယ်။
သူမ နေထိုင်တဲ့ မြို့ဟာ သိန္နီစော်ဘွားနယ်မြေရဲ့ မြို့တော်ဟောင်းဖြစ်ပြီး လက်ရှိမှာ ကျေးရွာအုပ်စုပေါင်း အခု ၃၀ ကျော်၊ ရွာပေါင်း ရာနဲ့ချီရှိပြီး ရှေးယခင်ကတည်းက သျှမ်းပြည်ရဲ့ သမိုင်းမှာ အရေးပါတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်တပ်မတော် SSA ကို ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတကတော် သိန္နီစော်ဘွားကြီးရဲ့ သမီးတော် မဟာဒေဝီစဝ်နန်းဟိန်းခမ်းရဲ့ မွေးဖွားရာ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
“ငါတို့ စော်ဘွားတွေ တော်တာ ရာဇဝင်မှာ ကျန်ခဲ့ပါပြီ…”လို့ ဒေါ်နန်းခမ်းက ဆိုပြန်ပါတယ်…
နန်းလောဝ်ရေးသားသည်။







