ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ၃ လအတွင်း ပြည်သူ (၆၃) ဦး သေဆုံး

ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ၃ လအတွင်း ပြည်သူ (၆၃) ဦး သေဆုံး

ကရင်နီပြည်နဲ့ ရှမ်း – ကရင်နီ နယ်စပ်မှာ စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ၃ လအတွင်း အရပ်သားပြည်သူ ၆၃ ဦး သေဆုံးခဲ့တယ်လို့ ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့မှာ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်၊ ဩဂုတ်နဲ့ စက်တင်ဘာလအတွင်းက စာရင်းတွေဖြစ်ပြီး ဇူလိုင်လမှာ ၂၃ ဦး၊ ဩဂုတ်လမှာ ၃၅ ဦးနဲ့ စက်တင်ဘာလမှာ ၅ ဦး ဖြစ်တယ်လို့ ဆိုထားပါတယ်။

“ထုတ်ပြန်ချက်ထဲက ဩဂုတ်လ စာရင်း ၃၅ ဦးမှာ ဇယားမှာ ၃၄ ဦးဖော်ပြထားတာက နောက်တစ်ဦး ထပ်တိုး သေဆုံးတာက စက်တင်ဘာလအတွင်းမှာမှ သိရလို့။ လေယာဉ်ကြဲမှုကြောင့် ဆုံးတာ။ အမျိုးသားပေါ့နော်။”လို့ KnHRG တည်ထောင်သူ ဦးဗညားက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ နည်းမျိုးစုံ တိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် သေဆုံးသူတွေထဲ ဇူလိုင်လအတွင်း ၂၃ ဦးမှာတော့ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၀ ဦးနဲ့ ကလေး ၄ ဦး ဖြစ်ကြပြီး ဩဂုတ်လထဲ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၉ ဦးနဲ့ ကလေး ၆ ဦး စုစုပေါင်း ၃၄ ဦး ဖြစ်ပါတယ်။

သေဆုံးသူ ( ၆၃ ) ဦးအနက် ဇူလိုင်လနဲ့ ဩဂုတ်လ နှစ်လအတွင်းမှာ စစ်ကော်မရှင်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ၄၄ ဦး နဲ့ အများဆုံး သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် လက်နက်ကြီးကြောင့် ဇူလိုင်၊ ဩဂုတ်နဲ့ စက်တင်ဘာလ ၃ လအတွင်း ၉ ဦး သေဆုံးခဲ့ပါတယ်။ KnHRG ရဲ့ အစီရင်ခံစာအရ သုံးလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့အရပ်သား ပြည်သူ ( ၅၃ ) ဦးရှိပြီး စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်မှု၊ မြေမြှုပ်မိုင်းအပြင် တခြားသော အကြောင်းရင်းတွေကြောင့် သေဆုံးသူလည်း ရှိခဲ့တာပါ။

စစ်ကော်မရှင် တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တဲ့ အရပ်သား ပြည်သူတွေဟာ ဒီးမော့ဆို၊ ဖယ်ခုံ၊ ဖားဆောင်းမြို့နယ်အတွင်းက လူထုတွေဖြစ်ပြီး ဩဂုတ်လ ၁၇ ရက်နေ့က မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် အစုအပြုံလိုက် သေဆုံးဒဏ်ရာရမှုတွေက အများဆုံးဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်တွေကို နိုင်ငံတကာအနေနဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ကိုလည်း KnHRG က အစီရင်ခံစာမှာ တစ်ပါတည်း တိုက်တွန်းထားပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းက အခြေခံစားသောက်ကုန်တွေ ရောင်းချတဲ့ ဈေးတန်းကို တွေ့ရစဉ်
March 23, 2026
ကမ္ဘာ့အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် အာရှနိုင်ငံတွေအပြင်၊ ကမ္ဘာ့နိုင်ငံတချို့တွေကိုပါ စီးပွားရေး...
March 21, 2026
ကရင်နီက စိုက်ပျိုးရေးလုပ်နေတဲ့ တောင်သူအတွက် အထောက်အကူပြုစေတဲ့ သဘာဝမြေဩဇာတွေကို...
March 20, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း ကျေးရွာတရွာမှာ ကယန်း ( ကခေါင်း ) မျိုးနွယ်စုတို့...
March 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ဆုအီဘာ (တောင်ယာမီးရှို့ခြင်း) နဲ့...