ကရင်မှာ မြေမြုပ်မိုင်းအန္တရာယ်ကြောင့် လူထုတွေ ရပ်တည်ဖို့ ပိုမိုခက်ခဲလာ

ကရင်မှာ မြေမြုပ်မိုင်းအန္တရာယ်ကြောင့် လူထုတွေ ရပ်တည်ဖို့ ပိုမိုခက်ခဲလာ

ကရင်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း တကျော့ပြန် ကြီးထွားလာတဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် မိသားစု စားဝတ်နေရေး ပိုမိုခက်ခဲလာပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ထိရောက်တဲ့ အကူအညီ မရကြဘူးလို့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေထံကနေ သိရပါတယ်။

အာဏာသိမ်းကာလအတွင်း နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတဲ့ ကရင်ပြည်နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် တစထက်တစ ပိုမိုမြင့်တက်လာပြီး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု အရေအတွက် ပိုတိုးလာတာ ဖြစ်ပါတယ်။

ဒေသတွင်းက လူမှုအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေအရ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လတာအတွင်း ကရင်ပြည်နယ် ကမမောင်းမြို့တစ်ခုထဲမှာပင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၁၃ ဦးထက်မနည်း ရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိသွားသူတွေထဲမှာတော့ ကလေးငယ်တွေ၊ အမျိုးသမီးကိုယ်ဝန်ဆောင်၊ သက်ကြီးပိုင်းနဲ့ ကျောင်းသူတွေပါ ပါဝင်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ညွှန်ကြားရေးမှူး စောအဲဘတ်က မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေဟာ ထိရောက်တဲ့ အကူအညီတွေ မရရှိကြသလို မိသားစုစားဝတ်နေရေးတွေမှာလည်း ပိုပြီးခက်ခဲလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မြေမြှုပ်မိုင်းကြောင့် မိသားစုစားဝတ်နေရေးတွေ ပိုပြီးခက်ခဲလာတယ်။ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသူတွေမှာလဲ ထိရောက်လုံလောက်တဲ့ အကူအညီတွေမရကြဘူး။ လောလောဆယ်တော့ လက်နက်ကိုင်အဖွဲ့တိုင်းက မြေမြှုပ်မိုင်းကို ထောင်ကြတယ်။ နည်းတယ်များတယ်ဆိုတဲ့အချက် အလက်ကတော့ ကျွန်တော်တို့လည်း သေချာမသိဘူး” လို့ ဆိုပါတယ်။

အာဏာသိမ်းကာလအတွင်း မြေမြှုပ်မိုင်းကို မြန်မာစစ်တပ်အပြင် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာ ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းထိသွားတဲ့ ဒေသခံတွေဟာ မြို့အနီးအနားက ကျေးရွာထဲတွေ ဥယျာဉ်ခြံတွေထဲမှာ မျှစ်၊ ကောက်ကောက်ညွန့် စတဲ့ အသီးအနှံတွေကို သွားချိုးရင်းနဲ့ မိုင်းထိတာတွေရှိသလို မြို့ပေါ်မှာလည်း မိုင်းထိတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့မှာ ရေကြီးရေလျှံမှုဖြစ်နေစဉ် စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်းကို နင်းမိမှုကြောင့် ဒေသခံတစ်ဦး မိုင်းထိဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဒေသခံအမျိုးသားဟာ လှိုင်းဘွဲမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ ၂၈ တပ်ရင်းအနီးမှာ အပေါ့သွားနေတဲ့အချိန် မိုင်းနင်းမိခဲ့ရာ ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ် ဆောင်သူတွေက လှိုင်းဘွဲဆေးရုံကနေတစ်ဆင့် ဘားအံဆေးရုံကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံဖြစ်လာတဲ့အတွက် အရပ်သားတွေကို ကာကယ်စောင့်ရှောက်ပေးဖို့ အရေးတကြီး လိုအပ်နေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးရုံး UNOCHA က သတိပေးထားပါတယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံဟာ စစ်တပ် အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်က မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှု အရေအတွက် ၂၅၂ ဦးသာ ရှိခဲ့ပေမယ့် အာဏာသိမ်းကာလအတွင်း ထိခိုက်သေဆုံးမှု အရေအတွက် ရှစ်ဆနီးပါး တိုးမြင့်လာပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...