ဆီဆိုင်ရှိ စစ်ရှောင်များအား ပအိုဝ်း ပြည်သူ့စစ်က နေရပ်ပြန်ခိုင်း

ဆီဆိုင်ရှိ စစ်ရှောင်များအား ပအိုဝ်း ပြည်သူ့စစ်က နေရပ်ပြန်ခိုင်း

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲကို ရောက်ရှိနေသည့် စစ်ဘေးရှောင်များကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO က ဖိအားပေးပြီး နေရပ်ပြန်ခိုင်းနေသည် ဟု စစ်ရှောင်များက ပြောသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ပါရင်ကျေးရွာရောက် စစ်ဘေးရှောင်များကို ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ (PNO) က ဖိအားပေး နေရပ်ပြန်ခိုင်းနေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

နောင်ပါရင်ကျေးရွာတွင် တိမ်းရှောင်နေသည့် တောင်ပို့ကွဲ ရွာခံတစ်ဦးက “သူတို့ (PNA) ပြောတာတော့ မကြာခင် ဆီဆိုင်မှာလည်း တိုက်ပွဲဖြစ်တော့မယ်ပေါ့။ ကျနော်တို့ကလည်း တင်ပြတာပေါ့။ ရွာမှာက စစ်ဖြစ်နေသေးတယ်။ ဒီမှာတော့ လောလောဆယ် နေလို့ရသေးတယ်လေနော်။ အဲ့ဒါကို လက်မခံဘူး။ အခု တော်တော်များများတော့ ပြောင်းကြပြီ” ဟု ပြောသည်။

နောင်ပါရင်ကျေးရွာတွင် နေထိုင်ရန်မသင့်ဟု ဆိုကာ နေရပ်ပြန်ခိုင်းနေခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ဘေးရှောင် ၈၀၀ ခန့်မှာ ထပ်မံတိမ်းရှောင်ရန်အတွက် အခက်အခဲများနှင့် ကြုံနေကြရသည်ဟု ဆိုသည်။

PNO က ဇွန်လ ၂၀ ရက်နေ့တွင် နေရပ်ပြန်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိ နောင်ပါရင်ကျေးရွာတွင် ခိုလှုံနေကြသူများမှာ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း၊ လင်ခန်၊ ဟိုဝိုးနှင့် ဖယ်ခုံအင်း အရှေ့ဘက်ကမ်းက တိုက်ပွဲများကြောင့် ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာနှင့် ညောင်ရွှေမြို့နယ်၊ တောင်ပို့ကျေးကွဲရွာမှ တိမ်းရှောင်လာကြသူများ ဖြစ်သည်။

၎င်းတို့မှာ ဇွန်လ ၁၂ ရက်နေ့ ဝန်းကျင်ကတည်းက နောင်ပါရင်ကျေးရွာသို့ ရောက်ရှိနေကြပြီး လက်ရှိတွင် ၎င်းတို့၏ ဒေသအား ပြန်ရန် မဖြစ်နိုင်သေးသဖြင့် ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာနှင့် နီးစပ်ရာ တောတောင်နေရာများတွင် ထပ်မံတိမ်းရှောင်နေရသည်ဟု ဆိုသည်။

နောင်ပါရင်ကျေးရွာတွင် တိမ်းရှောင်နေသည့် လွယ်ပေါရွာခံ တစ်ဦးက “ကျမတို့က အဆင့်ဆင့် ရှောင်လာရတော့ ထပ်ရှောင်ဖို့က တော်တော်စဉ်းစားရတယ်လေနော်။ ပိုက်ဆံတအား ကုန်တယ်။ အခုဆို ပြန်ရင်လည်း အိမ်က ရှိ/မရှိ တောင် မသိရသေးဘူး။ ရွာမှာလည်း တယောက်မှ မကျန်ဘူးလေ။ သူတို့နေဆိုလည်းနေပေါ့။ ပြန်ဆိုလည်း ပြန်ပေါ့။ ဆွေမျိုးရှိတဲ့သူတွေတော့ ဆီဆိုင်မြို့ပေါ် ပြောင်းကြတယ်” ဟု ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအား ဇွန်လ ၁၅ ရက်နေ့ ဝန်းကျင်ခန့်၌လည်း ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ PNO က နောင်ပါရင်ကျေးရွာအတွင်းမှ ရွာပြင်သို့ သွားလာခွင့် ပိတ်ထားခဲ့သေးသည်ဟု ဆိုကြသည်။

အလားတူ ဇွန်လ ၆ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အတွင်း၌လည်း ဆီဆိုင်မြို့နယ်ရှိ နောင်ကျောနှင့် တောင်ရှေ့ကျေးရွာတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ၆ ထောင်ကျော်ကိုလည်း ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO က မောင်း ထုတ်ခဲ့သေးသည်ဟု စစ်ဘေးရှောင် ကူညီရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...