MSF ဆေးခန်းမှ ဆရာဝန်များကို စစ်ကောင်စီ ဖမ်းဆီး

MSF ဆေးခန်းမှ ဆရာဝန်များကို စစ်ကောင်စီ ဖမ်းဆီး

ဆရာဝန်များ ဖမ်းဆီးခံထားရသဖြင့် ထားဝယ်မြို့က MSF နယ်စည်းမထား ဆရာဝန်များအဖွဲ့က ဖွင့်လှစ်ထားသော မေတ္တာရိပ်ဆေးခန်း ဆက်လက်ဖွင့်လှစ်ရန် အခက်အခဲတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အုန်းတောလမ်းဆုံအနီးရှိ Medecins Sans Frontieres (MSF) နယ်စည်းမထား ဆရာဝန်များရုံးမှ တာဝန်ရှိသူ အဖွဲ့ဝင်များကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ရုံးအနီး နေထိုင်ကြသူများက ပြောသည်။

MSF ရုံးအဖွဲ့သားတစ်ဦးက “ရုံးပိုင်းမှာ တာဝန်ရှိတဲ့သူတွေ အကုန်လုံးက အဖမ်းခံနေရတယ်။ တချို့က ကြောက် လန့်ပြီး တိမ်းရှောင်နေကြရ တာကြောင့် ရုံးအလုပ်တွေနဲ့ ဆေးဝါးဖြန့်ဖြူးပေးတာတွေ ရပ်ထားရတယ်။ လက်ရှိ ရုံးမှာ ကျန်နေတဲ့ဆေးတွေ ကုန်ရင်တော့ မေတ္တာရိပ်ဆေးခန်းကို ပိတ်ရမယ့်ပုံစံဖြစ်နေတာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းက နယ်စည်းမထား ဆရာဝန်များအဖွဲ့မှ MSF (ထားဝယ်) စတိုခန်း တာဝန်ရှိသူကို ဖမ်းဆီးခဲ့ပြီးနောက် ဇွန်လဆန်းပိုင်းတွင် တာဝန်ခံဆရာဝန်နှင့် ဒု-တာဝန်ခံတို့ကို ထပ်မံ၍ ဖမ်းဆီးသွားခြင်းဖြစ်သည်။

နယ်စည်းမထား ဆရာဝန်များရုံးမှ တာဝန်ခံ ဆရာဝန်၊ ဒု-တာဝန်ခံနှင့် ရုံးအဖွဲ့ဝင် (စတိုတာဝန်ခံ) တစ်ဦးတို့ ၃ ဦး ကို ဖမ်းဆီးထားသည့်အတွက် မေတ္တာရိပ်ဆေးခန်းကို ရပ်နားရန်ရှိနေသည်ဟု နီးစပ်သူများက ပြောသည်။

ဇွန်လ ၁၀ ရက်နေ့က ရရှိသည့် သတင်းအချက်အလက်ရ လက်ရှိတွင် ဒု-တာဝန်ခံကို ပြန်လွှတ်ပေးထားသော်လည်း စရဖရုံးသို့ နေ့စဥ်လိုလို ခေါ်ယူစစ်ဆေးလျက်ရှိသည်ဟု MSF ရုံးအဖွဲ့သားတစ်ဦးက ဆိုသည်။

MSF မှ ဖွင့်လှစ်ထားသည့် မေတ္တာရိပ်ဆေးခန်းတွင် အထွေထွေလူနာ တစ်ရာကျော်ကို နေ့စဉ် ဆေးကုသပေးနေသည့်အပြင် သွေးတိုး၊ နှလုံး၊ ဆီးချို၊ သွေးချို စသည့် နာတာရှည်လူနာများကိုလည်း ပုံမှန် ဆေးကုသပေးလျက်ရှိသည်။

မေတ္တာရိပ်ဆေးခန်းကို ရပ်နားလိုက်ရပါက အထွေထွေရောဂါလာပြသည့် လူနာများနှင့် နာတာရှည်လူနာများအတွက် အခက်အခဲများ ဖြစ်လာနိုင်သည်ဟု လာရောက်ကုသနေသူ လူနာတစ်ဦးက ဆိုသည်။

မေတ္တာရိပ်ဆေးခန်းတွင် HIV ပိုး ပြန့်ပွားခြင်းအား ဟန့်တားသည့် ART ဆေးများကို ယခင်က ထောက်ပံ့ပေးနေရာမှ လက်ရှိတွင် အထွေထွေရောဂါများကိုလည်း ကုသပေးနေခြင်းဖြစ်သည်။

May 28, 2026
ကချင်ပြည်အတွင်း စစ်တပ်က လက်လွှတ်ဆုံးရှုံးထားရသည့် မြေရှားသတ္တုထွက်ရှိရာ ဒေသများနှင့် စစ်ရေး...
May 27, 2026
တရုတ်၏ စီမံကိန်းများရှိရာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်တပ်၏ အဓိကရေတပ်စခန်းကို...
May 26, 2026
တရုတ်၏ ဖိအားကြောင့် တော်လှန်ရေးပူးပေါင်းတပ်များ ဆုတ်ခွာပေးခဲ့ရပြီးနောက် စစ်တပ်က ပြန်လည်...
ဓါတ်ပုံ - ပုံဟောင်း
May 25, 2026
ချင်းမြောက်ပိုင်းကို ပြန်ထိန်းချုပ်ထားသည့် စစ်တပ်သည် ချင်းတောင်ပိုင်းဝင်ပေါက် ကန်ပက်လက်မြို့ကို...