မော်လမြိုင်မှာ စစ်ကောင်စီက အခမဲ့ပညာရေးစနစ်လို့ ပြောပေမယ့် ငွေကြေးပေးဆောင်နေရ

မော်လမြိုင်မှာ စစ်ကောင်စီက အခမဲ့ပညာရေးစနစ်လို့ ပြောပေမယ့် ငွေကြေးပေးဆောင်နေရ
ဓာတ်ပုံ - MOI
ဓာတ်ပုံ - MOI

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီက ကျောင်းအပ်နှံတဲ့နေရာမှာ အခမဲ့ပညာရေးစနစ်လို့ ပြောပေမယ့် လက်တွေ့မှာတော့ ငွေကြေးပေးဆောင်နေရတယ်လို့ ကျောင်းသားမိဘတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ဖို့အတွက်ဆိုကာ တစ်နိုင်ငံလုံး ကျောင်းအပ်နှံရေး သီတင်ပတ်ကို မေ ၂၂ ရက်နေ့ကနေ ဇွန် ၁ ရက်နေ့ထိ သတ်မှတ်ထားတာပါ။

ကျောင်းအပ်နှံတဲ့နေရာမှာ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနဲ့ စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံးဝ မကောက်ခံဘူးလို့ တရားဝင်ထုတ်ပြန်ထားပါတယ်။

ကျောင်းသားမိဘတစ်ဦးကတော့ အခမဲ့ပညာရေးစနစ်လို့ ပြောပေမယ့် တကယ့်လက်တွေ့မှာ ကျောင်းပြောင်းလက်မှတ်ယူတာကအစ အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးတောင်းခံနေသလို အနည်းဆုံး ကျပ်နှစ်သိန်းကနေ နှစ်သိန်းခွဲထိ ပေးဆောင်နေရတယ်လို့ ပြောပါတယ်။

“ကျောင်းအပ်နှံရေးက အခမဲ့လို့သာပြောတာ အခမဲ့ဆိုတာ သူ့ပါးစပ်ထဲမှာပဲ ပြောတာ။ ကျောင်းပြောင်းလက်မှတ်သွားယူရင်လည်း အလကားမရဘူး။ ပဉ္စမတန်းအောင်ရင် သူတို့တရားဝင်ပေးရမယ်လေ ထုတ်ပေးရမယ်။ ဒါပေမယ့် အဲဒါလည်းပဲ ဘာအလှူငွေကြေးတို့ ဘာကြေးတို့ သဒ္ဓါကြေးတို့ဆိုပြီး တောင်းတယ်။ ဆရာမကြီးနဲ့ သွားတွေ့ နှစ်သိန်းတို့ နှစ်သိန်းခွဲတို့ စာအိတ်ထဲမှာ ထည့်ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပေးလိုက်ရတယ်” လို့ ဆိုပါတယ်။

ငွေကြေးတောင်းခံတဲ့နေရာမှာ လာရောက်အပ်နှံတဲ့ အတန်းနဲ့ ကျောင်းပြောင်းရွှေ့တဲ့အပေါ်မှာ မူတည်ပြီး တောင်းခံတာဖြစ်သလို ငွေကြေးမပေးဆောင်ပါက အကြောင်းအမျိုးမျိုး ပြပြီး အချိန်ဆွဲတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

CDM ကျောင်းဆရာ တစ်ဦးကတော့ စစ်ကောင်စီက အခမဲ့ပညာရေးစနစ်လို့ ပြောပေမယ့် လက်တွေ့မှာ လစာတွေ မလုံလောက်တဲ့အတွက် ကျောင်းအပ်တာကို အကြောင်းပြပြီး ဆရာ၊ ဆရာမတွေက ပိုက်ဆံရှာတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“စစ်ကောင်စီကတော့ အခမဲ့ပညာရေး ဒါပေမယ့် ကျောင်းမှာ သင်တဲ့ ဆရာ၊ ဆရာမတွေက သူတို့ လခတွေနဲ့ မလောက်ကြဘူးပေါ့ဗျာ၊ မလောက်ကြတဲ့ အခါကျတော့ တချို့ ဆရာ၊ ဆရာမ တွေက ရှာကြတာပေါ့။ တချို့ကျတော့ ကိုယ့်သားသမီး စာတတ်စေချင်လို့သာ လာသင်ရတာ ကျောင်းစရိတ်ကလည်း ကြီးတယ်။ ပြီးတော့ အခုစီးပွားရေးအခက်အခဲ အလုပ်အကိုင်အခွင့်အလမ်း မရှိတဲ့အခါကျတော့ ရှိတဲ့ဟာလေး ရောင်းချ ကိုယ့်သားသမီး ပညာလေးတတ်။ တတ်သွားရင်းလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိ၊ မိဘတွေကလည်း မတတ်နိုင်တဲ့ ကြားကနေ ဒီလိုပဲ ဖျစ်ညှစ်ပြီးတော့ ထားနေရတဲ့ ဘဝမျိုးရောက်နေတာ” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ထမ်းတွေက အခုလို ငွေကြေးတောင်းခံတဲ့အပေါ် အရေးယူမှုမရှိပါက ငွေကြေးမတတ်နိုင်တဲ့ သူတွေအနေနဲ့ ပညာရေးမှာ အလှမ်းဝေးသွားနိုင်သလို ကျောင်းထားမှုတွေကလည်း ကျဆင်းလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီက အခမဲ့ပညာရေးစနစ်လို့ ပြောပေမယ့် ငွေကြေး တောင်းခံမှုတွေ ရှိတာကြောင့် အခြေခံလူတန်းစား မိသားစုဝင်တွေအနေနဲ့ ကျောင်းထားဖို့ အခက်အခဲဖြစ်ရတဲ့အပြင် တိုင်ကြားပါကလည်း ကိုယ့်ကလေး ပညာရေးမှာ ထိခိုက်နိုင်တဲ့အတွက် ရေငုံနှုတ်ပိတ်နေရတယ်လို့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။

တဖက်မှာ စစ်ကောင်စီကတော့ ကျောင်းနေအရွယ်ကလေးတွေ ကျောင်းအပ်ပါက အခမဲ့ ပညာရေးစနစ်အပြင် သင်ကြားရေးနဲ့သက်ဆိုင်တဲ့ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တွေကအစ အခမဲ့ထောက်ပံ့ ကူညီပေးသွားမယ်လို့ ဆိုထားပါတယ်။

မော်လမြိုင်မြို့ မှာတော့ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအပါအဝင် ကျောင်းပေါင်း ၂၀၀ ကျော်ရှိတယ်လို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Most read this week

December 15, 2025
အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေး‌ကောက်ပွဲကနေ ပေါ်လာမယ့်...
December 10, 2025
KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...
December 9, 2025
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာနေချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်...
December 8, 2025
အာဏာသိမ်းမှုအတွင်း မွန်ပြည်နယ်မှာ စစ်ကော်မရှင် လက်လွှတ်ဆုံးရှုံးရတဲ့ မြို့နယ်တွေ မရှိခဲ့ပေမယ့်...