ဆီအုန်းစိုက်ခင်း ဗုံးကြဲခံရပြီး အလုပ်သမားနှစ်ဦး သေဆုံး

ဆီအုန်းစိုက်ခင်း ဗုံးကြဲခံရပြီး အလုပ်သမားနှစ်ဦး သေဆုံး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာအတွင်းရှိ ဆီအုန်းစိုက်ခင်းကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆီအုန်းကုမ္ပဏီအလုပ်သမားနှစ်ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ရွာသားများက ပြောသည်။

ကျော်မော် - ၁၉ ဆီအုန်းကုမ္ပဏီစိုက်ခင်းအတွင်းသို့ မတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က စစ်ကောင်စီမှ လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အလုပ်သမားများနေထိုင်သည့် တန်းလျားကို ထိမှန်ခဲ့ခြင်းဖြစ်သည်။

ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဆီအုန်းကုမ္ပဏီအလုပ်သမား အသက် ၂၅ နှစ်နှင့် ၃၀ နှစ်အရွယ် အမျိုးသား ၂ ဦး ဗုံးအစထိမှန်၍ သေဆုံးသွားပြီး ဒဏ်ရာရရှိသူ ၆ ဦးထက်မနည်းရှိခဲ့သည်ဟု ကုမ္ပဏီအလုပ်သမားတစ်ဦးက ပြောသည်။

ချောင်းလမုကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဗုံးလာကြဲသည်မှာ ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် မတ်လ ၁၇ ရက်နေ့နှင့် ဒုတိယအကြိမ်အဖြစ် မတ်လ ၁၈ ရက်နေ့များတွင် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်ဟု အလုပ်သမားများက ပြောသည်။

“ဆီအုန်းကုမ္ပဏီဝင်းအထဲမှာ အလုပ်သမားက ၅၀ လောက်ရှိနေတာ၊ အခုက နှစ်ယောက်သေသွားပြီဆိုတော့ ကြောက်လန့်ပြီး ပြောင်းရွှေ့နေကုန်ကြပြီ၊ ခြံဝင်းထဲက အလုပ်သမားတန်းလျားတွေ၊ အဆောက်အဦးတွေလည်း ပျက်စီးကုန်တယ်” ဟု အသက် ၅၀ ခန့်အရွယ် အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ပထမအကြိမ် လာကြဲချိန်တွင် လူထိခိုက်မှုမရှိခဲ့ဘဲ ဒုတိယအကြိမ် လာကြဲချိန်မှသာ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ၄င်းကဆိုသည်။

စစ်ကောင်စီတပ်က တနင်္သာရီ - မောတောင်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ထိုင်း - မြန်မာ နယ်စပ်သွားလမ်းမကြီးပေါ်ရှိ သိန်ခွန်းကျေးရွာအနီးဝန်းကျင်ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည်မှာ ၃ လကျော်လွန်လာပြီဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုအပါအဝင် တိုက်ပွဲများ တောက်လျှောက် ပြင်းထန်နေသည်။

စစ်ကောင်စီတပ်မှ သိန်ခွန်းရွာအနီးဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများနှင့် မော်တာများဖြင့် ပစ်ခတ်မှုများ ခပ်စိပ်စိပ်ပြုလုပ်နေသဖြင့် ရွာသားထိခိုက်သေဆုံးမှုများလည်း ရှိနေသည်ဟု ရွာသားတစ်ဦးက ဆိုသည်။

စစ်ရှောင်နေရာမှ ချောင်းလမုကျေးရွာအတွင်းရှိ နေအိမ်တွင် စားနပ်ရိက္ခာ ပြန်သွားယူသည့် ရွာသား ၃ ဦးမှာ စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်၍ မတ်လ ၂၁ ရက်နေ့က သေဆုံးသွားခဲ့သေးသည်။

Most read this week

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...