ကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေပြီး ချွေတာသုံးစွဲနေရ

ကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေပြီး ချွေတာသုံးစွဲနေရ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ဇန်နဝါရီလကစပြီး ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့နေတာကြောင့် ချွေတာသုံးစွဲနေရတယ်လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသခံနဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းတည်ရှိရာအများစုဟာ ရေအရင်းအမြစ်ရှားပါးတဲ့ ဒေသမှာရှိနေပြီး အလှူရှင်အဖွဲ့အစည်းက လာရောက်လှူဒါန်းပေးတာကို အဓိက မျှော်ကိုးနေရတာပါ။ ရှိနှင့်ပြီးသား ချောင်း၊ မြောင်း၊ ရေထွက်ပေါက်တွေမှာလည်း ရေခမ်းခြောက်လာတာကြောင့် သောက်သုံးရေရှားပါးမှုကို အဓိက ကြုံတွေ့နေတယ်လို့ ဆိုပါတယ်။

“ရေကတော့ ဝယ်သုံးရတယ်။ ဈေးကလည်းကြီးတာပေါ့။ စစ်ရှောင်တွေကတော့ ဝယ်သုံးရတဲ့အနေအထားပေါ့။ ရေလည်း ရှားလာပြီ။ တချို့ရေကန်တွေဆို ရေခမ်းလာပြီ။ နွေရာသီဆိုရင်တော့ ရေအကန့်အသတ်တွေ ဖြစ်လာမှာပေါ့။ ဒီးမော့ဆိုအနောက်ခြမ်းဆိုပေမယ့် ပစေးလာဆိုရင်လည်း ရေရှားတဲ့အထဲပါတယ်။ ရေဝယ်သုံးရတယ်ပေါ့။ ချွေတာသုံးရတယ်ပေါ့။ သုံးပတ်ကျော်နဲ့ ကုန်တာမျိုးလည်းရှိတယ်” လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ နေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဂါလံ တစ်ထောင်ဆန့်တဲ့ ရေကားကို ၆ သောင်းကျော်ပေးဝယ်ရပြီး မိသားစု လူဦးရေ ၅ ယောက်က ရက်ပေါင်း ၂၀ ကျော် သုံးစွဲရတယ်လို့ ဆိုပါတယ်။

ထမင်းဟင်းချက်၊ သောက်သုံးဖို့ကို အဓိက အသုံးပြုပြီး အဝတ်လျှော်၊ ရေချိုး၊ တစ်ကိုယ်ရေသန့်ရှင်းရေး ပြုလုပ်တာကိုတော့ ချွေတာသုံးစွဲနေရတာပါ။

ရေရှားပါးမှုကို ကြုံတွေ့နေရတဲ့ စစ်ရှောင်စခန်းအများစုကတော့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံ တင်းပြတောင်းခံမှုရှိတယ်လို့လည်း သိရပါတယ်။

IEC အနေနဲ့ စစ်ရှောင်စခန်းပေါင်း (၆၀) ကို ရေဖြန့်ဝေထားပြီး ကရင်နီလူထု တစ်သိန်းခွဲကို ရေပေးဝေနိုင်ဖို့ လစဉ် သိန်းတစ်ထောင်ခန့် ကုန်ကျနိုင်တယ်လို့ IEC အတွင်းရေးမှူး – ၂ ဦးဗညားက ဆိုပါတယ်။

“တစ်သိန်းခွဲကို ကျနော်တို့က ဘယ်လိုမှ ရေပေးလို့မရဘူး။ ရေကလည်း ရှားတယ်။ ရှင်းရှင်းပြောရရင် ရှိတဲ့‌ရေတောင်မှ ချွေးတာသုံးနေရတဲ့ ခြေနေပေါ့နော်။ ဒါကလည်း ကျနော်တို့က တချို့‌နေရာတွေဆိုရင် ရေရဖို့အတွက် နာရီနဲ့ချီပြီး သွားရတာရှိ‌တော့ သေချာတာတစ်ခုက‌တော့ ကိုယ်နည်းကိုယ့်ဟန်နဲ့ ဝယ်သုံးတာတွေရှိတယ်။ တချို့ကလည်း သွားသယ်တာရှိတယ်။ တချို့ကလည်း လာလှူတဲ့ဟာနဲ့ မျှသုံးကြတာပေါ့” လို့ ဦးဗညားက ပြောပါတယ်။

နှစ်စဉ် နွေရာသီမှာ ရေရှားပါးမှုဒဏ်ကို ဒီးမော့ဆိုမြို့နယ်အပြင် တခြားမြို့နယ်တွေမှာလည်း ကြုံတွေ့နေရတာကြောင့် ရေရှည်ဖြေရှင်းနိုင်ဖို့ နည်းလမ်းလိုအပ်လာပြီလို့ ပြောဆိုကြပါတယ်။

စစ်ဘေးရှောင်လူဦးရေ အများဆုံးရှိနေတဲ့ ဒီးမော့ဆိုမြို့နယ်မှာတော့ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာလိုအပ်ချက်အပြင် ရေရရှိဖို့ လိုအပ်ချက်များပြားနေတယ်လို့ သိရပါတယ်။

Most read this week

December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
Photo credit - Bangkok Post
December 2, 2025
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နဲ့ ထိစပ်နေတဲ့ သံလွင်မြစ်တစ်လျှောက်က စောင့်ကြည့်ရေးနေရာ ၁၃...
December 1, 2025
နိုဝင်ဘာလအတွင်းမှာ ကရင်နီပြည်ရဲ့ မြောက်ပိုင်းအရပ်ကနေ တောင်ပိုင်းအရပ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊...