ကျားဖြူ ကျားခေါင်း ဘာကြောင့်မပေါင်း

ကျားဖြူ ကျားခေါင်း ဘာကြောင့်မပေါင်း
by -
သျှမ်းသံတော်ဆင့်
ခုရက်ပိုင်းတွေအတွင်း လာမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သျှမ်းတိုင်းရင်းသားတွေအကြား မချိတင်ကဲဖြစ်ပြီး ငြင်းခုန်ဆွေးနွေးနေရတဲ့ အကြောင်းအရာ တရပ်ရှိနေပါတယ်။ ဒါကတော့ လာမဲ့ ရွေးကောက်ပွဲမှာ အဓိက သျှမ်းပါတီကြီး နှစ်ခုအနေနဲ့ ထိပ်တိုက်ပြိုင်ဖို့ သေချာ သလောက်ရှိနေတာရယ်၊ သူတို့အချင်းချင်း ညှိနှိုင်းသွားမှာ မဟုတ်ဘူးလို့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်-SNLD ပါတီဘက်က ထုတ်ဖော်ပြောဆိုလိုက်တာရယ်ကြောင့် ဖြစ်ပါတယ်။

ဆွေးနွေးငြင်းခုန်မှုတွေက တော်တော်လေးကို ဖြစ်နေတာတွေ့ရပါတယ်။ သျှမ်းပါတီ အချင်းချင်း ဒီလိုဖြစ်နေတဲ့ အခြေနေကဆရာတော်သံဃာတော်တွေနဲ့ လူထုတွေရဲ့ ဆန္ဒနဲ့ဆန့်ကျင်နေတဲ့ အတွက်လည်း ဒီလို ဝေဖန်သံတွေ ငြင်းခုန်သံတွေ ထွက်လာနေတာပါ။ သျှမ်းပြည်နယ်မှာရှိတဲ့ ဆရာတော်သံဃာတော်တွေနဲ့ လူထုတွေက သျှမ်းပြည်နယ်မှာရှိတဲ့ အဓိက နိုင်ငံရေးပါတီနှစ်ခုနဲ့ သျှမ်းလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ သျှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့ကို ပြန်လည်ပေါင်းစည်းစေချင်တာကြောင့် ဖြစ်ပါတယ်။

ဒီလို ငြင်းခုံမှုတွေက သျှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးရဲ့ သူ့ပါတီအနေနဲ့ ရွေးကောက်ပွဲ တော့ ဝင်မယ်။ သျှမ်းပါတီအချင်းချင်းတော့ ညှိနှိုင်းမှာ မဟုတ်ဘူးလို့ ပြောဆိုမှုအပြီး စတင်ဖြစ်ပေါ်လာ ခဲ့ရတာဆိုရင်လည်း မှားမယ်မထင်ပါဘူး။

ရွေးကောက်ပွဲမဟာမိတ် ဖွဲ့နိုင်ခြေတွေကို ကြည့်မယ်ဆိုရင်လည်း SNLD ပါတီအနေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သူတို့ဦးဆောင်နေတဲ့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေနဲ့သာ မဟာမိတ်ဖွဲ့ဖို့ရှိနေပြီး ကျားဖြူပါတီကတော့ သူတို့ရဲ့ မဟာမိတ် အုပ်စုတွေဖြစ်တဲ့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းပါတီ-NBF တို့ ဖက်ဒရယ် ယူနီယံပါတီတို့လို အဖွဲ့တွေနဲ့သာ မဟာမိတ်ဖွဲ့မဲ့ အနေထားပါ။ ကျားခေါင်းအနေနဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မဟာမိတ်လုပ်ဖို့ရှိနေတာကြောင့်လည်း သျှမ်းအချင်းချင်းမပေါင်းဘဲ ဘာကြောင့် ဗမာပါတီနဲ့ သွားပေါင်းသလဲဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိနေတာတွေ့ရပါတယ်။ စာရေးသူရဲ့ အမြင်အရ သုံးသပ်ရမယ်ဆိုရင်တော့ ကျားဖြူနဲ့ ကျားခေါင်းက ဘယ်လိုမှ ပေါင်းစပ်လို့ မရတာကြောင့် ညှိနှိုင်းဖို့လည်း မဖြစ်နိုင်တာကြောင့် အသွင်လည်း မတူတာကြောင့်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

ကျားဖြူနဲ့ ကျားခေါင်းပါတီအကြောင်းကို ပြောမယ်ဆိုရင် သမိုင်းကြောင်းကို အနည်းငယ် ပြန်ကြည့်ဖို့ လိုပါတယ်။

သမိုင်းပြန်ကြည့်ခြင်း
ကျားခေါင်းလို့ခေါ်တဲ့ SNLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲကာလမှာကတည်းက တည်ထောင်ခဲ့တဲ့ ပါတီဖြစ်ပြီး အဲဒီရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် ဒုတိယ နေရာအများဆုံး အနိုင်ရရှိခဲ့တဲ့ ပါတီလည်း ဖြစ်ပါတယ်။

ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦး အနေနဲ့ သျှမ်းလူထုအတွင်းမှာလည်း သြဇာကြီးလှသလို တခြား နိုင်ငံရေးနဲ့ တိုင်းရင်းသား အင်အားစုတွေကလည်း သူ့အပေါ် လေးစားမှုရှိတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်ကျော် ကာလအတွင်း ကျားခေါင်းပါတီရဲ့ အနေအထားကို ပြန်လေ့လာသုံးသပ် ရမယ်ဆိုရင် သျှမ်းတိုင်းရင်းသားတွေရဲ့ သမိုင်းပေးတာဝန်ဖြစ်တဲ့ ပင်လုံကတိကဝတ်နဲ့ တန်းတူညီမျှမှု ရှိတဲ့ ဖက်ဒရာယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ အတိုက်အခံ ပါတီလို့ ဆိုရမှာ ဖြစ်ပါတယ်။

ကျားဖြူလို့ခေါ်တဲ့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ-SNDP ပေါ်လာတဲ့ သမိုင်းကြောင်း ကလည်း ကျားခေါင်းပါတီနဲ့ ဆက်စပ်မှု ရှိပါတယ်။ ၂၀၀၅ ခုနစ်က စပြီး သျှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦးနဲ့ ဗိုလ်ချုပ် ဆေထင်တို့ အပါအဝင် SNLD ပါတီက လက်ရှိ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးစိုင်းညွှန့်လွင်တို့ဟာ သျှမ်းပြည် အတိုင်ပင်ခံ ကောင်စီဖွဲ့ဖို့ ရည်ရွယ်တယ်ဆိုပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

သူတို့ ချမှတ်ခံခဲ့ရတဲ့ ပြစ်ဒဏ်တွေဟာ ဦးနေဝင်းအာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေကို အမြင့်ဆုံးချမှတ်တဲ့ ပြစ်ဒဏ်တွေလို့တောင် ပြောလို့ရပါတယ်။ နှစ် ၁၀၀ ကျော် အထိကို ချမှတ်ခံခဲ့ရတာပါ။ တကယ်တော့ အမျိုးသား ညီလာခံကို စွန့်ခွာလာတဲ့ အကျိုးကျေးဇူးတွေ လို့ ကောက်ချက်ဆွဲမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ အဲဒီလို ထောင်ဒဏ် ချမှတ်ခံနေရချိန်မှာပဲ ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ကိစ္စက ပေါ်လာပါတယ်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံတဲ့အပြင် ပါတီ ခေါင်းဆောင်တွေကလည်း ထောင်ထဲရောက်နေတာကြောင့် သျှမ်းပြည်နယ်နေ သျှမ်းတိုင်းရင်းသား တွေအနေနဲ့ ဘယ်သူ့ကိုမဲပေးရမှာလဲ ဆိုတဲ့ ပြသနာက စပေါ်လာပါတယ်။ အဲဒီလို အချိန်မှာ လူငယ်တွေရဲ့ တိုက်တွန်းမှုနဲ့အတူ အဲဒီအချိန်က SNLD မှာ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးစိုင်းအိုက်ပေါင်း (လက်ရှိ SNDP ဥက္ကဌ) ဦးဆောင်ပြီး ကြားခံပါတီ တရပ် ထောင်ဖို့ဆိုတဲ့ ကိစ္စဖြစ်လာခဲ့တာပါ။ ကျားဖြူပါတီဖွဲ့မယ်ဆိုတော့ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ သျှမ်းခေါင်းဆောင်တွေထံ သွားရောက်တွေ့ဆုံပြီး လမ်းညွှန်မှုတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။

ဦးခွန်ထွန်းဦးတို့ကလည်း လွှတ်တော်ထဲရောက်သွားရင် အတိုက်အခံပဲလုပ်ရမယ်။ အစိုးရအဖွဲ့ဝင်တွေ မလုပ်ရဘူး။ ပါတီခေါင်းဆောင်တွေ ပြန်လွတ်လာရင် မူလပါတီထံ ပြန်လည်ပေါင်းစည်းရမယ် ပါတီကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွားမရှာရဘူးဆိုတဲ့ ကတိကဝတ်တွေနဲ့ အတူ ကျားဖြူပါတီ ထောင်ဖို့ ဦးခွန်ထွန်းဦးက ခွင့်ပြုခဲ့တာပါ။

ကတိကဝတ်ပျက်ဖို့ ဖန်လာ
အဲဒီလိုနဲ့ ကျားဖြူပါတီ ပေါ်ပေါက်လာခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကာ လွှတ်တော် ၃ ရပ်မှာ ၅၇ နေရာမှာ အနိုင်ရခဲ့ပါတယ်။

အနိုင်ရပြီးနောက်မှာတော့ ကျားဖြုပါတီကနေ ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းကိုယ်တိုင် ပြည်နယ် အစိုးရအဖွဲ့မှာ ၀န်ကြီးနေရာ ယူခဲ့ပါတယ်။ ဇာတ်လမ်းက အဲမှာစတယ်လို့ဆိုရမှာဖြစ်ပြီး ကတိကဝတ် ကလည်း အဲဒီမှာ စပျက်ဖို့ ဖန်လာတယ်လို့ ဆိုရမှာပါ။ (မှတ်ချက် ။ ။ လက်ရှိအချိန်မှာလည်း ဗဟို အစိုးရအဖွဲ့မှာလည်း ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူတွေလည်း ကျားဖြူပါတီမှာ ရှိနေပါပြီ။) အဲဒီနောက်ပါတီပိုင် ကုမ္ပဏီတွေအပြင် တဦးချင်းစီအလိုက် စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ပိုင်ခွင့် တွေ ရလာခဲ့ပါတယ်။ ပါမစ်တွေ အပါ၀င်ပါ။ ဦးခွန်ထွန်းဦးကတော့ နိုင်ငံရေးလုပ်ခဲ့တဲ့အတွက် ပိုဆင်းရဲ သွားတဲ့ စော်ဘွားမျိုးရိုးလို့တောင် ဆိုရမှာပါ။ ရှိတဲ့ ဟိုတယ်တွေ လုပ်ငန်းတွေ၊ ခြံတွေ တော်တေ်ာ များများကို ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ရောင်းထုတ်လိုက်ရတာတွေ ရှိခဲ့ပါတယ်။

ဦးခွန်ထွန်းဦး ပြန်လွတ်လာခဲ့တဲ့ ၂၀၁၂ ခုနစ်မှာတော့ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ကျားဖြူပါတီ ကနေ သူ့ကိုသွားရောက်တွေ့ဆုံပြီး ကမ်းလှမ်းမှုတွေ လုပ်ခဲ့ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ လားရှိုးအမျိုးသားလွှတ်တော် လစ်လပ်နေရာကနေဝင်ပြိုင်ဖို့ ကမ်းလှမ်းခဲ့တာပါ။ သူတို့ပါတီမှာလည်း လာပြီး ဥက္ကဌအဖြစ် လာလုပ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တယောက်တည်း လာလို့ မရတာကတကြောင်း တဘက်မှာလည်း ကျားဖြူဘက်မကူးပဲ ကျားခေါင်းအင်အားစုအဖြစ် ဆက်ရှိနေ တဲ့ ဒုတိယဥက္ကဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေ ရှိနေတာကြောင့် ငြင်းပယ်ခဲ့ပါတယ်။ မူလကတိအတိုင်းသာ ဆက်လုပ်မယ်ဆိုတော့ ပေါင်းဖို့က ခက်လာတဲ့အခြေအနေကို ရောက်မှန်းမသိ ရောက်လာခဲ့ပါတယ်။ ဒ့ါအပြင် ကျားဖြူပါတီအနေနဲ့ ဦးခွန်ထွန်းဦး ထောင်ဒဏ်ကျခံရအောင် သက်သေ (ဖော်ကောင်ဘဦးဇာတ်လမ်း)လုပ်ပေးခဲ့တဲ့ ဦးစဝ်သာဦးကိုလည်း ပါတီဝင်အဖြစ် လက်ခံ ထားခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ကလောမဲဆန္ဒနယ်ကနေ ၀င်ရောက်ယှာဉ်ပြိုင်စေခဲ့ပါတယ်။

ပြည်သူတွေက တောင်းဆိုလာ
ပြည်သူတွေကတော့ အင်အားစုတွေ ပြန့်ကျဲနေတဲ့အတွက် ပါတီတွေပေါင်းကြဖို့ တောင်းဆိုကြပါ တယ်။ ကျားဖြူပါတီကတော့ ညီလာခံတရပ်ကို ၂၀၁၃ ခုနစ်မှာ ကျင်းပခဲ့ပြီး ညီလာခံမှာ ပါတီမဖျက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပြည်သူတွေ တောင်းဆိုတဲ့အတွက် ဆွေးနွေးမှုတွေ လုပ်ဖို့အတွက် တဘက်ကို ၅ ဦးစီပါတဲ့ ကော်မတီတွေ ဖွဲ့ခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူး။ ဦးခွန်ထွန်းဦးက လိုအပ်ရင် ပါတီဖျက်ပေးမယ်။ ဒါပေမဲ့ ကျားဖြူပါတီအနေနဲ့ အတိုက်ခံ လုပ်ရမယ်။ တိုင်းရင်းသားအရေး ပြည်တွင်းငြိမ်းချမ်းရေးတွေမှာ တိုင်းရင်းသားတွေဘက် မျက်နှာမူပြီး ဆောင်ရွက်ပေးရမယ် စတဲ့အချက်တွေနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါမှမဟုတ် နှစ်ပါတီစလုံးဖျက် အသစ်ပေါင်းပြီး ပြန်ထောင်မယ်ဆိုတော့လည်း ကျားဖြူဘက်က ဖျက်မပေးနိုင်ဘူးလို့ ဆိုလာပါတယ်။ ဒါ့ကြောင့်ပဲ ဆွေးနွေးမှုတွေ ဆက်မဖြစ်တော့တာပါ။

ကျားဖြူအမတ်တွေ ကျားခေါင်းရောက်လာ
ဆွေးနွေးမှုတွေ ဆက်မဖြစ်တော့တဲ့နောက်ပိုင်း ကျားဖြူပါတီကနေ ရွေးကောက်တင်မြောက်ခြင်း ခံထားရတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေအနေနဲ့ ကျားခေါင်းပါတီဘက်ကို ပြောင်းလာတာတွေ ရှိလာခဲ့ပါတယ်။ မြို့နယ်တော်တေ်ာများများမှာ ကျားဖြူပါတီ တာဝန်ရှိသူတွေနဲ့ ပါတီဝင်တွေကလည်း နှုတ်ထွက်မှုတွေ ရှိလာခဲ့တာပါ။ ခုဆိုရင် ကျားခေါင်းပါတီအနေနဲ့ ရွေးကောက်ပွဲ မဝင်ဘဲနဲ့တင် လွှတ်တော်အမတ်ပေါင်း ၂၀ လောက် ရှိလာခဲ့ပါတယ်။ အဲဒီအမတ်တွေ အကုန်လုံးက ကျားဖြူပါတီ ကနေ ပြောင်းလာကြတာပါ။ သူတို့တွေ အကြောင်းပြကြတာကတော့ ကျားဖြုပါတီက ခေါင်းဆောင် တွေအနေနဲ့ ကတိကဝတ်တွေပျက်တာရယ်၊ ပါတီပေါင်းစည်းရေးကို သေသေချာချာ မလုပ်တာနဲ့ အတိုက်အခံအဖြစ် လူထုအကျိုးကို သိပ်မဆောင်ရွက်တာကြောင့်လို့ ဆိုကြပါတယ်။ ကျားဖြူပါတီ ဥက္ကဌကတော့ အဲဒီကိစ္စတွေ မဟုတ်မှန်ကြောင်း အမြဲငြင်းဆိုခဲ့ပါတယ်။

မူဝါဒလည်းကွာ
ကျားခေါင်းပါတီကတော့ ပင်လုံကတိကဝတ်တွေကို အကောင်ထည်ဖော်ဖို့ ရည်ရွယ်ပြီး ၈ ပြည်နယ်မူ (ဗမာကို တပြည်နယ်ထဲပေးပြီး ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ အချိုးညီတူမျှတူ) ပေးရေးမူကို လက်ကိုင် ထားပါတယ်။ ကျားဖြူပါတီကတော့ လက်ရှိ တိုင်းနှင့် ပြည်နယ် ၁၄ ခု မူဝါဒပါ။တကြိမ်မှာ ကျားဖြူပါတီ အနေနဲ့ ပြည်နယ်နာမည်တွေကို ဖျောက်ပြီး ၁၄ တိုင်း (ဥပမာ သျှမ်းပြည်နယ်ကို ကမ္ဗောဇတိုင်း) အဖြစ် ထားဖို့တောင် ကြေညာချက်ထုတ်ခဲ့ဖူးတာ တွေ့ရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက် လို့လည်း သူတို့ရဲ့ ချဉ်းကပ်မှုတွေက ကွာခြားပါတယ်။ ကျားခေါင်းပါတီကတော့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ကို ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းစု ဖြစ်တဲ့ UNFC နဲ့ မဟာမိတ်ဖွဲ့ကာ သေချာရေရာပြီး တိုင်းရင်းသားအခွင့်ရေးရမှ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးရေးဆိုတဲ့ မူဝါဒ ရှိပါတယ်။ အဲဒီ UNFC မှာ သျှမ်းပြည်တပ်မတော် မြောက်ပိုင်းက SSA/SSPP က အဖွဲ့ဝင်အဖြစ် ပါ၀င်နေသလို အဲဒီအဖွဲ့ရဲ့ နိုင်ငံရေးအရ ဦးဆောင်မှုအခန်းကဏ္ဍမှာ လည်း ကျားခေါင်းပါတီက ရယူထားပါတယ်။

ကျားဖြူပါတီကတော့သေချာချာ မသေချာချာ မြန်မြန်လက်မှတ်ထိုး မြန်မြန်အပစ်ရပ် မြန်မြန်နိုင်ငံရေး ဆွေးနွေးဆိုတဲ့ မူဝါဒပါ။ ဝန်ကြီး ဦးအောင်မင်းပြောပြောနေတဲ့ လေသံနဲ့တောင် သိပ်မကွာလှပါဘူး။ ဒါကတော့ တိုက်ဆိုင်မှုလည်း ဖြစ်နိုင်ပါတယ်။ အခုတိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေအနေနဲ့ အရင်အစိုးရ လက်ထက်မှ အပစ်ရပ်ဖူးပြီး အမျိုးသားညီလာခံလိုမျိုးနဲ့ ကြုံတွေ့ခဲ့ရတာတွေကြောင့်လည်း ပိုမို ခိုင်မာသေချာတဲ့ အာမခံချက်တွေ တောင်းဆိုနေတယ်ဆိုတာ မေ့လျှော့နေပုံပါပဲ။ ဒါ့အပြင် ကျားဖြူ ပါတီအနေနဲ့ လွှတ်တော်အတွင်း လွှတ်တော်ပြင်ပ ဆောင်ရွက်ချက်တွေကို ကြည့်မယ်ဆိုရင် ကဏ္ဍအလိုက်ဆိုရင် မဆိုးလှပေမဲ့ ဥပမာ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ငြိမ်းချမ်းရေးလိုကိစ္စတွေနဲ့ တခြား အတိုက်အခံလုပ်ရမဲ့ ကိစ္စတွေမှာ ပြည်သူတွေလိုလားတဲ့ အတိုက်ခံတွေနဲ့ လက်တွဲနိုင်ခြင်း မရှိတာက မေးခွန်းထုတ်စရာပါ။ ၂၀၁၀ မှ ပါတီထောင်လို့ဆိုပြီး ဆင်ခြေပေးနိုင်ပေမဲ့ ၂၀၁၀ ကျမှ နိုင်ငံရေးသမား ဖြစ်လာတဲ့ ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားပါတီ ဥက္ကဌ)တောင် အတိုက်ခံတွေနဲ့ လက်တွဲနိုင်တာ တွေ့ရပါတယ်။

ကျားဖြူပါတီအနေနဲ့ကတော့ သျှမ်းပြည်နယ်အစိုးရဖြစ်ရေး ဝန်ကြီးချုပ်ဖြစ်ရေးဆိုတဲ့ မူဝါဒကို လက်ကိုင်ထားတာ တွေ့ရပါတယ်။ ဦးခွန်ထွန်းဦး ဦးဆောင်တဲ့ ကျားခေါင်းကတော့ ပြည်နယ် ဝန်ကြီးချုပ်ဖြစ်ချင်တယ်လို့ ပြောတာမတွေ့ရသလို ပြည်ထောင်စုအရေးဖြစ်တယ်လို့ပဲ ပြောတာ တွေ့ဖူးပါတယ်။

သျှမ်းတွေကံကောင်းပါစေ
ဒါပေမဲ့ ကျားခေါင်းက ပြည်တွင်းက အဓိက အတိုက်အခံပါတီဖြစ်တဲ့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့၊ ဒီမိုကရေစိအင်အားစုတွေဖြစ်တဲ့ ၈၈ မျိုးဆက်တို့၊ UNFC တို့လို အတိုက်အခံ တွေနဲ့တော့ မဟာမိတ်လုပ်မဲ့ပုံပါပဲ။ ယနေ့အချိန်အထိလည်း ကျားဖြူပါတီရဲ့ ပြည်တွင်းအဓိက အင်အားကြီး မဟာမိတ်က အစိုးရလား၊ ပြည်ခိုင်ဖြိုးပါတီလားဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။ ကျွန်တော်ဆိုလိုတာက ဗဟိုအစိုးရဖွဲ့နိုင်ချေတို့ သမ္မတရွေးချယ်ခွင့်တို့ဆိုတာ ဒီမဟာမိတ်ဖွဲ့နိုင်မှု အပေါ်မူတည်ပြီး သွားရမှာကြောင့် ဖြစ်ပါတယ်။

ကျန်တော်တင်ပြခဲ့တာတွေကတော့ သူတို့ပါတီနှစ်ပါတီရဲ့ ကွာခြားချက်တွေပါ။ မကြာခင်မှာ သူတို့ နှစ်ပါတီက ရွေးကောက်ပွဲဝင်တော့မှာပါ။ ကြားထဲ တခြားမျိုးနွယ်စု ပါတီလေးတွေနဲ့ ပြည်ခိုင်ဖြိုးတို့လို ပါတီတွေကလည်း သျှမ်းပြည်နယ်မှာ ပြိုင်ဦးမှာဖြစ်ပြီး အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကလည်း နေရာ ၃ နေရာ ၄ နေရာလောက်ပြိုင်နိုင်ဖွယ်ရှိပါတယ်။ ကြားထဲကျိုင်းတုံမှာ အခြေစိုက်တဲ့ သျှမ်းပါတီတစ်ခုကလည်း ၄ နေရာလောက် ပြိုင်ဦးမှာပါ။ သျှမ်းတိုင်းရင်းသူ တိုင်းရင်းသားတွေအနေနဲ့ လာမဲ့ရွေးကောက်ပွဲမှာ ကံကောင်းကြပါစေ။ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ဆောင်းပါးရှင်
စိုင်းထွန်းအောင်လွင်

မှတ်ချက်။ ။ သျှမ်းသံတော်ဆင့် အယ်ဒီတာ၏ အာဘော်နှင့် သဘောထားမဟုတ်ကြောင်း စာဖတ်ပရိသတ်များအား သိစေအပ်ပါသည်။ (အယ်ဒီတာ)

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...