ထိုင်းနိုင်ငံဘက်ခြမ်း စစ်ရှောင်ခိုလှုံရာနေရာရှိ မြဝတီဒေသခံစစ်ရှောင်အချို့ နေရပ်ပြန်

ထိုင်းနိုင်ငံဘက်ခြမ်း စစ်ရှောင်ခိုလှုံရာနေရာရှိ မြဝတီဒေသခံစစ်ရှောင်အချို့ နေရပ်ပြန်

တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ခြမ်းသို့ တိမ်းရှောင်လာပြီး ထိုင်းအာဏာပိုင်များ စီစဉ် ပေးထားသောနေရာတွင် ခိုလှုံနေထိုင်ကြသည့် မြဝတီဒေသခံ စစ်ရှောင်အချို့သည် ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နှင့် ၂၂ ရက်နေ့တို့တွင် နေရပ်ပြန်နေထိုင်ကြပြီဟု ၎င်းတို့အားကူညီပေးသူများက ပြောသည်။

အမှတ်(၂) မြဝတီချစ်ကြည်ရေးတံတားတွင် ဧပြီလ ၂၀ ရက်၊ နံနက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီဘက်မှလေကြောင်းတိုက်ခိုက်မှုအပြင်း အထန်လုပ်ဆောင်သည့်အတွက် ဒေသခံထောင်ချီ ထိုင်းနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်လာပြီး မဲဆောက် မြို့အနီးရှိ ဆိတ်ခြံနှင့် နွားခြံနေရာ(၂)ခုတွင် ထိုင်းအာဏာပိုင်များက ယာယီခိုလှုံခွင့်ပေးထား ခြင်း ဖြစ်သည်။

စစ်ရှောင်ကူညီသူတစ်ဦးက“ ကျမ ညနေပိုင်း(ယမန်နေ့)မှာ စစ်ရှောင်နေရာကိုပြန်ရောက်တော့ စစ်ရှောင် တွေကို ပြန်ပို့လိုက်ပြီးလားပြောတော့ သူတို့က ပြန်ချင်လို့ ထိုင်းစစ်တပ်ဘက်က သူတို့ကို ပြန်ပို့ လိုက်တာလို့ ပြောတယ်။ ဒါပေမယ့် ပြန်ပို့မယ်ပြောတော့ ပြန်ရတဲ့လူတွေရှိတယ်။ အမှန်တော့ အဲဒီမှာ စစ်ရှောင်အတွက် အိမ်သာတို့၊ ထမင်းချက်ဖို့နေရာတို့ လုပ်ဖို့ ကျမတို့စီစဉ်ထားပြီး သူတို့ကို သူများပြန်ပို့ မယ်ဆိုတော့ ပြန်လိုက်ရတာတွေရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

မြဝတီ စစ်ဘေးရှောင် ဦးရေနှစ်ထောင်ဝန်းကျင် လာရောက်ခိုလှုံသည့် မဲဆောက်မြို့အနီးရှိ အဆိုပါ ဆိတ်ခြံနှင့် နွားခြံ နေရာ (၂)ခုတွင် လက်ရှိ စစ်ရှောင် ၉၀၀ ကျော်ကျန်ရှိသေးကာ ယနေ့ ဧပြီလ ၂၃ ရက်နေ့တွင်မူ နေရပ်ပြန်သူ မတွေ့ရှိရသေးကြောင်း စစ်ရှောင်ကူညီသူထံမှ သိရသည်။

“ကျမတို့ အိပ်ယာက နိုးနိုးချင်း ကိုယ်နေတဲ့နေရာ သန့်ရှင်းရေးလုပ်နေရပ်ပြန်ပို့မယ်ဆိုပြီး လာပြောပြီး ကျမတို့ ပြန်လိုက်ရတာဖြစ်တယ်။ ကျမတို့ကို ဘာမှ ကြိုတင်လာပြောတာ မရှိပါဘူး။ လာမေး တာလည်းမရှိပါဘူး။”ဟု နေရပ်ပြန်သည့် စစ်ရှောင်အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ဧပြီလ ၂၃ ရက်၊ယနေ့အထိ မြဝတီမြို့တွင် လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရဆဲဖြစ်၍ တိုက်ပွဲ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်သည့် အခြေအနေရှိသည့်အတွက် လုံခြုံမှုမရှိသေးကြောင်းလည်း အဆိုပါ နေရပ်ပြန် ဒေသခံအမျိုးသမီးက ဆက်ပြောသည်။

တိုက်ပွဲကြောင့် မဲဆောက်မြို့ဘက်ခြမ်းသို့ တိမ်းရှောင်လာသည့် စစ်ရှောင်ဦးရေ ၆၀၀၀ ကျော်ရှိ သည့်အနက် ထိုင်းအစိုးရ၏ လူသားချင်းစာနာမှုအစီအစဉ်ဖြင့် စီစဉ်ပေးထားသောနေရာတွင် သွားရောက် တိမ်းရှောင်သူ နှစ်ထောင်ဝန်းကျင်သာရှိပြီး အများစုမှာ မိမိအစီစဉ်နှင့် မဲဆောက်မြို့နှင့် အနီးအနား ကျေးရွာများတွင် အိမ်ငှားပြီးနေထိုင်နေကြရကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

Photo: KIC

May 3, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆) ဝင်းရေးမြို့နယ်...
May 3, 2024
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်ကျော် ကာလအတွင်း ကရင်နီ(ကယား)ပြည်တွင် စစ်...
May 2, 2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် (၁၃)မိုင်တွင် မေလ(၁)ရက်နေ့က စစ်ကောင်စီနှင့်...
May 2, 2024
စစ်အာဏာရှင် စနစ်ဆိုးကြောင့် အလုပ်သမားများအနေဖြင့် ယနေ့အချိန်ထိ အလုပ်သမားများ အခွင့် အရေးချိုး...