ကယားပြည်နယ်မှာ လူသားချင်းစာနာမှုအကူအညီ မရှိသလောက်နည်းပါးလာ

ကယားပြည်နယ်မှာ လူသားချင်းစာနာမှုအကူအညီ မရှိသလောက်နည်းပါးလာ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

ကရင်နီ (ကယား) ပြည်နယ်မှာ နိုင်ငံတကာနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေကနေ လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီ ထောက်ပံ့မှုတွေဟာ အခုနှစ်လယ်ပိုင်းကစပြီး မရှိသလောက် နည်းသွားပြီလို့ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းအထိ ကရင်နီပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေနဲ့ နေရပ်စွန့်ခွာပြည်သူတွေကို ထောက်ပံ့ နေတဲ့ အစိုးရမဟုတ်တဲ့ ပြည်တွင်း၊ ပြည်ပအရပ်ဘက်အဖွဲ့အစည်းတွေ NGO၊ INGO အဖွဲ့အစည်း ၁၀ ခု ထက် မနည်းရှိခဲ့တာပါ။

ဒါပေမယ့် ၂၀၂၃ နှစ်လည်ပိုင်းလောက်ကစပြီး အကူအညီပေးတဲ့အဖွဲ့အစည်း တဖြည်းဖြည်းနည်းလာကာ လက်ရှိ မှာထောက်ပံ့နေတဲ့ အဖွဲ့အစည်း ၃ ခုသာကျန်ပြီး ထောက်ပံ့တဲ့ပမာဏာတွေလည်း လျော့နည်းလာခဲ့တာ ဖြစ်ပါ တယ်။

လူသားချင်းစာနာမှုအကူအညီရရှိမှု နည်းပါးလာတာဟာ စစ်ကောင်စီက အသစ်ထုတ်ပြန်လိုက်တဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ဥပဒေနဲ့ အဓိကသက်ဆိုင်နေရတယ်လို့ ကရင်နီပြည်နယ်ကြားကာလ အုပ် ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ဦးဗညားက ပြောဆိုပါတယ်။

“စစ်ကောင်စီရဲ့ New Registration Law  အရ တော်တော်လေးကို အခက်အခဲကြုံရတဲ့ ပုံစံတွေအများကြီး တွေ့ရ တယ်ပေါ့နော်။ အဲဒါကြောင့် အရင်တုန်းကလုပ်နေတဲ့ ပါတနာအချို့ အရပ်ဘက်အဖွဲ့အစည်းတွေက မှတ်ပုံတင် ထားတာ ကျွန်တော်တို့ ပြည်နယ်မှာဆို အားလုံးနီးပါး မရှိကြတော့ဘူး။ အဲဒီတော့ သူတို့က နောက်ပိုင်းမှာ စစ်ကောင်စီ အလိုကျအတိုင်း ဖွဲ့ထားတဲ့အဖွဲ့အချို့ ချိတ်ဆက်တာ ရှိတယ်။ ဒါပေမဲ့ ဒီအဖွဲ့အစည်းတွေက တကယ် လက်တွေ့မှာ အသုံးမဝင်ဘူး။ မလုပ်နိုင်ဘူးပေါ့နော်။ အတွေ့အကြုံမရှိတာတွေ နောက်ပြီးတော့မှ နေရာတော် တော်များများကို မသွားရဲတာတွေ နောက် စစ်ကောင်စီကနေ ခွင့်ပြုချက်မရှိလို့ မလုပ်ရတာတွေနဲ့ပဲ ပြီးသွား တယ်။ အဲဒီဟာက တကယ်ကို အခက်အခဲကြီး တစ်ခုဖြစ်တယ်။”

စစ်ကောင်စီဟာ အသင်းအဖွဲ့ပိုင်ငွေကြေးနဲ့ ပစ္စည်းတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်တာ၊ အသင်း အဖွဲ့ အတွင်း ပါဝင်သူတွေကိုလည်း ထောင်ဒဏ် ပြစ်ဒဏ် အသီးသီး ချမှတ်နိုင်တဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဥပဒေကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၈ ရက်နေ့မှာ အတည်ပြုဌာန်းလိုက်တာပါ။

အဲ့ဒီဥပဒေအရ အသင်းအဖွဲ့တိုင်း မှတ်ပုံတင်ဖို့နဲ့ မှတ်ပုံတင်ရရှိထားတဲ့ ဘယ်အသင်းအဖွဲ့မဆို နိုင်ငံတော်ကို ဆန့် ကျင်တဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေ၊ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်တယ်လို့ နိုင်ငံတော်က သတ်မှတ်ထား တဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေအပါအဝင် မတရားအသင်းနဲ့ မတရားအသင်းရဲ့ အဖွဲ့ဝင်တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်သွယ်တာ ဒါမှမဟုတ် အားပေးကူညီတာမပြုရဘူးလို့ ပြဋ္ဌာန်းထားတာပါ။

စစ်ခေါင်းဆောင်ကလည်း အစိုးရမဟုတ်တဲ့ ပြည်တွင်း/ပြည်ပ အရပ်ဘက် အဖွဲ့အစည်းတွေကို ကြပ်မတ် ထိန်း သိမ်းဖို့ ၎င်းလက်အောက်ခံ အစိုးရဝန်ကြီးတွေကို ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေး အတွင်း သတိပေး ပြောဆိုထားပါတယ်။

တဖက်မှာတော့ ကရင်နီဒေသအတွင်း လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ အစိုးရမဟုတ်တဲ့ ပြည် တွင်း/ပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေဟာ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေအပြင် နယ်မြေမတည်ငြိမ်တာနဲ့ တိုက်ပွဲတွေကြောင့် အကူအညီပေးဖို့ အခက်ကြုံနေရတာပါ။

ကရင်နီပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူဦးရေ ၂သိန်းခွဲကျော်ဟာ တိုက်ပွဲကြောင့် စစ်ဘေးရှောင် နေရပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာ၊ ရေနဲ့ ဆေးဝါးလိုအပ်ချက်တွေ မြင့်တက်လျက်ရှိတယ်လို့ စစ်ရှောင်အရေး ကူညီသူတွေက ပြောပါတယ်။

ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...
ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...