ကုန်ဈေးနှုန်းကြီးမြင့်မှုမှာ လုပ်ငန်းရှင်များကြောင့်ဟု စစ်ကောင်စီအပြစ်ဖို့

ကုန်ဈေးနှုန်းကြီးမြင့်မှုမှာ လုပ်ငန်းရှင်များကြောင့်ဟု စစ်ကောင်စီအပြစ်ဖို့
ဓာတ်ပုံ-MOI
ဓာတ်ပုံ-MOI

ဆန်အပါအဝင် အခြေခံစားသောက်ကုန်ဈေးများ အဆမတန် မြင့်တက်နေခြင်းက စီးပွားရေး လုပ်ငန်းရှင်များနှင့် ငွေကြေးဈေးကစားသူများကြောင့် ဖြစ်သည်ဟု စစ်ကောင်စီဘက်က အပြစ်ဖို့ခဲ့သည်။

သြဂုတ် ၂၂ ရက်နေ့က ပြုလုပ်သည့် ၂၂ ကြိမ်မြောက် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ကုန်ဈေးနှုန်း ကြီး မြင့်မှု ပြဿနာအတွက် မေးခွန်းအကြိမ်ကြိမ် ထုတ်ခံရတဲ့အပေါ် စစ်ကောင်စီဘက်က လုပ်ငန်းရှင်များကို အပြစ် တင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီက ၎င်းတို့လက်ထက်တွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာမှုကို ဝန်ခံခဲ့သော်လည်း အကြောင်း အရင်းမှာ နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှု၊ ငွေကြေးဈေးကစားသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များကြောင့် ဖြစ်သည်ဟု အပြစ်တင် ပြောဆိုလိုက်သည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦး “စီးပွားရေးလုပ်ငန်းရှင်တွေဆိုတာ ဒေါ်လာဈေးတွေ၊ ဘတ်ဈေးတွေကို သူက လုပ် လို့ရတာ မဟုတ်ဘူးလေ။ ဥပမာပေါ့ကွာ ကိုယ်တို့ကဘတ်(၁၁၀)နဲ့ ဝယ်မယ်ဆိုလိုရှိရင် ဝယ်တဲ့ပစ္စည်းတစ်ခုကို ဘယ်သူက လျော့ရောင်းလို့ရမလဲ။ အဓိကသူတို့က ငွေဈေးနှုန်းတည်ငြိမ်အောင်လုပ်ပြီးတော့ ငွေလဲလှယ်နှုန်းကို တည်ငြိမ်အောင် လုပ်ပေးရမှာပေါ့။ အဓိက အစိုးရလုပ်ပေးရမှာ အဲဒါပဲလေ။ မြန်မာငွေတန်ဖိုးတက်အောင် လုပ် ဖို့ဆိုတာ သူတို့ပဲရှိတယ်။ ငါတို့က ဘယ်လိုလုပ်ပေးလို့ရမှာလဲ။ အဓိကငွေဈေးနှုန်း တက်နေတဲ့အတွက်ကြောင့်မို့ ကုန်ဈေးနှုန်းတွေ တက်နေတာကွာ။ ငွေဈေးနှုန်းတည်ငြိမ်အောင်လုပ်နိုင်ရင် ငါတို့ကအကုန်တည်ငြိမ်တယ်လေ” ဟု ပြောသည်။

ကုန်ဈေးနှုန်း မြင့်တက်လာမှုက မြန်မာငွေကြေးတန်ဖိုး ဆက်တိုက်ကျဆင်းမှုအပေါ် စစ်ကောင်စီဘက်က မထိန်းနိုင်ခြင်းနှင့် ကုန်သွယ်ရေး ခက်ခဲမှုများတို့နှင့်သာ အဓိက သက်ဆိုင်နေသည်ဟု အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က ဆက်ပြောသည်။

“စက်သုံးဆီကစပြီးတော့ အကုန်လုံးက ဒေါ်လာနဲ့ပဲသွားနေရတာလေ။ နိုင်ငံခြားငွေဖြစ်တဲ့ ဒေါ်လာတက်လို့ရှိရင် ဘတ်တို့ဘာတို့ညာတို့က လိုက်တက်မှာကွာ အဲဒီသ ဘောပဲလေ။ မနေ့က သတင်းစာရှင်းလင်းပွဲကြောင့်မို့လို့ ဒီနေ့ဈေးတွေတက်ကုန်တာ၊ မနေ့ကသတင်း စာရှင်းလင်းပွဲလုပ်တဲ့ အခါကျတော့ ဖမ်းမလားပြုမလား ဆိုပြီးတော့ ဈေးကျလိုက်တာ၊ ဒီနေ့တော့ မနေ့ကသူတို့ကုန်သည်ကို အပြစ်ပုံချလိုက်တဲ့အခါကျတော့ ဒီနေ့ဈေးက ချက်ချင်းအုံးအုံးအုံးဆိုပြီး တက်လာတာ။”

စစ်ကောင်စီလက်ထက်တွင် ဆန်အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အနည်းဆုံး ၃ ဆကနေ ၄ ဆနီးပါးအထိ ဈေးနှုန်းခုန်တက်လာပြီး ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်ကိုပင် ကျပ်တစ်သိန်းခွဲကျော်အထိ ဈေးနှုန်းမြင့်တက်နေသည်။

လက်ရှိဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် နိုင်ငံခြားငွေ မြင့်တက်လာသည့် ပြဿနာကို ဖြေရှင်းနိုင်ရေး ကော်မတီဖွဲ့ ဆောင်ရွက်နေသည်ဟု စစ်ကောင်စီဘက်က ပြောဆိုထားသည်။

ငွေကြေးသုံးသပ်သူလည်းဖြစ်၊ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ (CRYH)အဖွဲ့ဝင် ဦးတင့်လွင် က စစ်ကောင်စီအနေဖြင့် ကုန်ဈေးနှုန်းကျဆင်းစေဖို့ သွင်းကုန်လျော့ချခြင်းနှင့် ပို့ကုန်သမားများ၏ ပို့ကုန်ရငွေကို လိုက်လံထိန်းချုပ်နေသော်ညလ်း အလုပ်မဖြစ်နိုင်ဘူးဟု သုံးသပ်သည်။

“ကျွန်တော်တို့ နိုင်ငံရဲ့အခြေအနေက နဂိုကတည်းကကိုက နေ့စဉ်လိုအပ်ချက်ထဲမှာလည်း ကျွန်တော်တို့က သွင်း ကုန်ကို အားပြုရတဲ့ နိုင်ငံလည်း ဖြစ်တယ်လေ။ ကျွန်တော်တို့ နေ့စဉ်လိုအပ်ချက်မှာ လောင်စာဆီကအစ အခြေခံ စားကုန်ကအဆုံး သွင်းကုန်လိုအပ်ချက်ရှိတယ်။ ဒီအခြေအနေကို ကုစားတဲ့အနေနဲ့ သွင်းကုန်ကို လျော့ချဖို့ လုပ် တယ်။ ကန့်သတ်ချက်တွေ လုပ်တယ်။ နောက်တစ်ခါ အဲဒီလိုလုပ်နေယုံနဲ့ မပြီးသေးဘူး။ တော်တော်လေးကို ရှုပ် ထွေးပြီးတော့ လိုက်နာဖို့ခက်ပြီးတော့ ကုန်သည်တွေ ပို့ကုန်လုပ်ငန်းရှင်ရော၊ သွင်းကုန်လုပ်ငန်းရှင်ရော အကုန် ဒုက္ခရောက်နေပြီးတော့ ဒီယန္တရားတစ်ခုလုံးဟာ နှေးကွေးပြီးတော့ အလုပ်မဖြစ်ဘူးပေါ့၊ အဲဒီအခြေအနေပေါ့။”

ကုန်ဈေးနှုန်းမြင့်တက်မှုကို နည်းမျိုးစုံသုံး၍ လုပ်ဆောင်သွားမည်ဟု စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပြီး နောက်တစ်နေ့ဖြစ်သည့် သြဂုတ်လ ၂၃ ရက်နေ့တွင် ရွှေ၊ ဒေါ်လာ၊ ဘတ် စျေးတို့ အပါအဝင် အခြေခံ စားသောက်ကုန်ဈေးနှုန်းများ ချက်ချင်းဆိုသလို ထပ်တက်လာသည်ဟု ကုန်သည်များက ပြောသည်။

ကုန်းဈေးနှုန်း အဆမတန်မြင့်တက်လာမှုကြောင့် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုနှင့် မူဝါဒအမှားများ အပြင် ငွေစက္ကူ အသစ်ထုတ်ဝေမှု၊ မြန်မာငွေတန်းဖိုးကျဆင်းမှုများနှင့် အဓိကသက်ဆိုင်နေသည့်အတွက် စီးပွားရေးလုပ်ငန်းရှင် များကို အပြစ်ဖို့နေခြင်းက ကုန်ဈေးနှုန်းကျဆင်းလာမှာ မဟုတ်ဘူးဟု လုပ်ငန်းရှင်များက ဆိုသည်။

ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာသည့်အတွက် ပြည်သူများသည် ဝင်ငွေထွက်ငွေမမျှသော ပြဿနာကြား က ဝမ်းတစ်ထွာတိုက်ပွဲထဲ အလူးအလဲ ခံစားနေရပြီး ငတ်မွတ်ခေါင်းပါးမှု ဘေးဒဏ်နှင့်ပါ ကြုံရမည့် ကိန်းဆိုက် နေကြသည်။

Most read this week

May 9, 2024
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ် လေယာဉ်နဲ့...
May 9, 2024
တိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတဲ့ မွန်နဲ့ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသက...
May 8, 2024
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီနေ့ မေ...
May 8, 2024
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်တွေ...