ရွှေပြည်သာ အထည်ချုပ်စက်ရုံ လုပ်သား ၂၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်နေခြင်းသည် အလုပ်သမားဝန်ကြီးဌာနတွင်သာ တာဝန်ရှိသည်ဟု ဆို

ရွှေပြည်သာ အထည်ချုပ်စက်ရုံ လုပ်သား ၂၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်နေခြင်းသည် အလုပ်သမားဝန်ကြီးဌာနတွင်သာ တာဝန်ရှိသည်ဟု ဆို
by -
မဇ္ဈိမ

 ရွှေပြည်သာ စက်မှုဇုန် (၂)ရှိ အထည်ချုပ်စက်ရုံ သုံးရုံမှ ဆန္ဒပြသည့် အလုပ်သမား ၂၀၀ကျော်က နောက်ထပ် ဆန္ဒမပြရန်၊ သုံးလအတွင်း အလုပ်မပျက်ရန် ခံဝန်ကတိများ ရေးထိုးမှသာ အလုပ်ခန့်မည်ဟု ဆိုသည့်အတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက တာဝန်ယူဖြေရှင်းပေးရမည် ဖြစ်ကြောင်း  မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးနော်အောင်က ပြောသည်။

"ဆန္ဒပြနေတုန်းကလည်း အစိုးရက ညှိနှိုင်းဖြေရှင်းပေးနေတယ်။ အာမခံနဲ့ ဖြေရှင်းပေးနေတာလေ။ အခုသူတို့တွေ အလုပ်ပြန်ရအောင် အလုပ်သမား ဝန်ကြီးဌာနကပဲ တာဝန်ယူရမှာပေါ့"ဟု ၎င်းက ပြောသည်။

Worker-4

အဆိုပါ အလုပ်သမား ၂၀၀ကျော်မှာ လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေပြီး ၎င်းတို့၏ စက်ရုံများက တောင်းဆို သည့် အချက်များကို ဝန်ခံကတိ လက်မှတ်ရေးထိုးပြီးမှသာ အလုပ်ခန့်အပ်မည်ဖြစ်သည်ဟု ဖို့ဒ်ဂလိုရီအထည် ချုပ်စက်ရုံမှ အလုပ်သမား ခေါင်းဆောင် မသိမ့်မိုးလွင်က ဆိုသည်။

"ကျွန်မတို့ စက်ရုံကို လုပ်ငန်းခွင်ပြန်ဝင်မယ်ဆိုတော့လည်း ပိုင်ရှင်က မတ် ၅ရက်နှင့် ၆ရက်နေ့က နောက်ဆုံး ဝင်ဖို့ ပြောထားတယ်။ အဲဒီအတွက် ပြန်မခန့်ဘူးလို့ ပြောတယ်။ တခြားစက်ရုံတွေကလည်း အဲလိုဝန်ခံချက် ထိုးခိုင်းတယ်။ ကျွန်မတို့က တကယ်ကို မလုံလောက်လို့ ဆန္ဒပြတာလေး လက်မှတ်မထိုးနိုင်ဘူး။ အဲတော့ ပြန်မခန့်တဲ့အတွက် ခုံသမာဓိရုံးကို တိုင်းထားတယ်"ဟု ၎င်းက ပြောသည်။

အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး နည်းဥပဒေ အခန်း (၈) အထွေထွေပုဒ်မ (၃၅)တွင် အလုပ်ရှင်က လုပ်ငန်းတစ်ခုခုကို  ဆက်လက်လည်ပတ် လုပ်ကိုုင်နိုင်ခြင်း မရှိသဖြင့် လုပ်ငန်းရပ်ဆိုင်းရသည့် အခါတွင်ဖြစ်စေ၊ အလုပ်သမားအား အကြောင်းမဲ့  အလုပ်ထုတ်ပစ်သည့်အခါဖြစ်စေ ယင်းသို့ ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အငြင်းပွားမှုတွင် ပါဝင်သော အလုပ်သမားအား အလုပ်ရှင်ပေးရမည့် နစ်နာကြေး နှုန်းထားကို ဝန်ကြီးဌာနက အမိန့်ကြေညာစာဖြင့် အခါအားလျော်စွာ သတ်မှတ်၍ ထုတ်ပြန်နိုင်သည်ဟူ၍ ထုတ်ပြန်ထားသည်။

အလုပ်ရှင်နှင့် အလုပ်သမားအကြား ပြေလည်မှု မရရှိမချင်း အလုပ်ထုတ်ပိုင်ခွင့်မှာ အလုပ်ရှင်ထံတွင် မရှိပေ။ သို့သော် အလုပ်ထုတ်၊ နစ်နာကြေးလည်း တစ်ပြားတစ်ချပ်မှ မရရှိခဲ့ဟု ကော့စတစ်အထည်ချုပ်စက်ရုံမှ မကြယ်စင်က  ပြောသည်။

"စက်ရုံက လုံးဝ အဝင်မခံဘူး။ ကျွန်မတို့ကို ညှိနှိုင်းဆဲကာလမှာ အလုပ်ထုတ်ပိုင်ခွင့်ရှိလားလို့ ကျွန်မမေးချင်ပါတယ်"ဟု ၎င်းက ပြောသည်။

အလုပ်သမားများအား  အကြောင်းမဲ့ အလုပ်ထုတ်လျှင် နစ်နာကြေး၊ လျော်ကြေးပေးရမည်ဖြစ်ပြီး လုပ်ခလစာနည်းပါးခြင်း၊ အလုပ်သမား ဥပဒေကို ပြင်ဆင်လိုခြင်းကြောင့် အလုပ်သမားများ ဆန္ဒပြကြခြင်းသည့် အကြောင်းမဲ့ဆန္ဒပြခြင်း မဟုတ်ဟုလည်း ဦးနော်အောင်က သုံးသပ်ပြောဆိုသည်။

ရွှေပြည်သာမြို့နယ် စက်မှုဇုန် (၂)ရှိ အထည်ချုပ်စက်ရုံသုံးခုမှ အလုပ်သမားများသည် လုပ်ခလစာ တစ်နေ့ ကျပ် ၁၁၀၀ ရရှိရေးအတွက် ဇန်နဝါရီလမှ စကာ ဆန္ဒပြတောင်းဆိုပြီး ဆက်လက်၍ ထိုင်သပိတ် ဆင်နွဲတောင်းဆိုခဲ့ သည်။

၎င်းတို့က  မတ်လ ၄ရက်တွင် မြို့တော်ခန်းမရှေ့သို့ ချီတက်ဆန္ဒပြစဉ် ဒေသဆိုင်ရာ လုံခြံုရေး ရဲတပ်ဖွဲ့က တားမြစ်ပိတ်ဆို့ခဲ့ခြင်းကြောင့် အင်းစိန်မြို့နယ် တညင်းကုန်းလမ်းဆုံ အနီးတွင် ထိုင်သပိတ် ဆင်နွှဲခဲ့ကြပြီး ထိုသပိတ်ဖြိုခွင်းခံခဲ့ရပြီး အကြမ်းဖက်ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးထားသည့် အလုပ်သမားများကို မတ်လ ၁၅ရက်က ပြန်လွတ်ပေးခဲ့သော်လည်း ထိုအလုပ်သမား ၁၃ဦးမှာ ၎င်းတို့၏ စက်ရုံများတွင် မူလနေရာ၊ ရာထူးဖြင့် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်နိုင်ရန်နှင့် အလုပ်ရှင်နှင့် အလုပ်သမားများအကြား ညှိနှိုင်းပေးရန် ခုံသမာဓိရုံးသို့ တင်ပြတောင်းဆိုခဲ့သော်လည်း အကြောင်းမထူးသေးပေ။

၎င်းတို့ ၁၃ဦး အပါအဝင် အလုပ်သမား ၁၈ဦးကို ချီတက်ဆန္ဒပြမှုတွင်   ဖမ်းဆီးခဲ့ပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၈၊ ရုန်းရင်းဆန်ခတ်မှု ပုဒ်မ-၁၄၇ တို့ဖြင့် အင်းစိန်မြို့နယ် တရားရုံးတွင် အမှုဖွင့်တရားစွဲဆိုထားပြီး မတ်လ ၁၅ရက်တွင်မူ အလုပ်သမားခေါင်းဆောင် နှစ်ဦး အပါအဝင် အလုပ်သမား ၁၃ဦးကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ကျန်ငါးဦးကို ဆက်လက်ချုပ်နှောင်ထားသည်။

မတ်လ ၂၄ရက်တွင် ၎င်းတို့ ၁၃ဦးစလုံးကို အင်းစိန်မြို့နယ် တရားရုံးက ရုံးချိန်း ချိန်းဆိုထားသည်။

အလုပ်သမားအရေး ဆောင်ရွက်သူ သုံးဦးအပါအဝင် ငါးဦးကိုမူ ပုဒ်မ ၁၈၊ ပုဒ်မ ၁၄၇ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅)(ခ)ဖြင့် တရားစွဲဆို ဖမ်းဆီးထားသည်။

Most read this week