အစိုးရ၏ “ကတိပြုချက်” စာချုပ် လက်မှတ်ရေးထိုးရေး အစီအစဉ်အား ကြိုတင်မသိရှိခဲ့ရဟု မွန်ပြည်သစ်ပါတီဆို

အစိုးရ၏ “ကတိပြုချက်” စာချုပ် လက်မှတ်ရေးထိုးရေး အစီအစဉ်အား ကြိုတင်မသိရှိခဲ့ရဟု မွန်ပြည်သစ်ပါတီဆို
by -
ရွှေဟင်္သာ

နေပြည်တော်တွင် ယခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့၌ ကျရောက်ခဲ့သည့် (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့၌ “ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက်” စာချုပ် လက်မှတ်ရေးထိုးရန် အစီ အစဉ်ကို ကြိုတင်သိရှိထားခဲ့ခြင်း မရှိကြောင်း ၎င်း အခမ်းအနားအား တက်ရောက်ခဲ့သည့် မွန်ပြည်သစ် ပါတီ၊ မော်လမြိုင် ဖွံ့ဖြိုးရေးရုံး တာဝန်ခံ နိုင်ဟံသာ ဗိုန်ခိုင်မှ ရွှေဟင်္သာ သတင်း ဌာနအား ဖေဖော်ဝါရီလ (၁၃) ရက်နေ့၌ ပြောသည်။

“ကျနော်တို့ ဒီလက်မှတ်ထိုးမယ့် အစီအစဉ်ကို အစကတည်းက ဘာမှမသိထားခဲ့ဘူး၊ ကျနော်တို့ ၁၁ရက်နေ့ရောက်မှ ဒီစာကို သူတို့ ပြတယ်၊ ဒီတော့ ကျနော်တို့မှာ ဘာအစီအစဉ်မှ မရှိတော့ ဗဟိုအစည်းအဝေးကို ပြန်လည်တင်ပြရတာပေါ့” ဟု နိုင်ဟံသာ ဗိုန်ခိုင်က ရွှေဟင်္သာ တင်း ဌာနအား ပြောသည်။

Phophtaw160201

မွန်ပြည်သစ်ပါတီအနေဖြင့် နားလည်ထားသည့် ထို “ကတိပြုချက် စာချုပ်” အား လက်မှတ်ရေးထိုးရေး အစီအစဉ်မှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ ဦးဆောင်မှုဖြင့် လက်မှတ်ရေးထိုးရန်ဖြစ်ကာ အစိုးရ ဘက်မှ ယခုကဲ့သို့ သီးခြားတစ်ဖွဲ့ချင်းစီ လက်မှတ်ရေးထိုးရမည်ဟု တင်ပြခဲ့ခြင်းကြောင့် မိမိတို့ အခမ်းအနား သွား၍ တက်ရောက်သည့် ကိုယ်စားလှယ်များမှ ဆုံးဖြတ်ပိုင်ခွင့် မရှိသည့် အခြေအနေဖြစ်ခဲ့ရသည်ဟုလည်း နိုင်ဟံသာ ဗိုန်ခိုင်မှ ရွှေဟင်္သာသတင်းဌာနအား ဆက်ပြောသည်။

“ပထမ သိထားတာက UNFCက တောင်းဆိုထားတဲ့ အစီအစဉ်နဲ့ လက်မှတ်ထိုးမယ်ဆိုတော့ အခုမှ ဒီအစီအစဉ်က ဖြစ်လာတော့ ကျနော်တို့ ဘာမှ မဆုံးဖြတ် နိုင်ခဲ့ဘူး” နိုင်ဟံသာ ဗိုန်ခိုင်က ဆက်ပြောသည်။

“ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် စာချုပ်” ၌ အချက် (၅)ချက် ပါဝင်ကာ ၎င်းတို့မှာ “ဒို့တာဝန် အရေးသုံးပါးကို ရှေးရှူသည့် နိုင်ငံရေးဆွေးနွေးပွဲရလဒ်နှင့်အညီ ပြည်ထောင်စု တည်ဆောက်ရန်၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရန်၊ လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်၍ နိုင်ငံရေးဆွေးနွေးပွဲ အလျင်အမြန် ကျင်းပနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်ကာလအတွင်း ငြိမ်းချမ်းရေးထိခိုက်စေနိုင်သည့် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရန်” စသည့် အချက်များ ပါဝင်သည်။

ထိုစာချုပ်အား လက်မှတ်ရေးထိုးနိုင်ရေးနှင့် ပတ်သက်၍ အစိုးရမှ ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက် ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၆)ဖွဲ့အား ဖိတ်ကြားထားခဲ့သော်လည်း (၁၃)ဖွဲ့သာ တက်ရောက်ခဲ့ပြီး ထိုအနက် (၄) ဖွဲ့သာ လက်မှတ်ရေးထိုးခဲ့ကာ ကျန်အဖွဲ့အများစုမှာ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိကြောင်းလည်း ထိုပြည်ထောင်စုနေ့ အခမ်းအနားအား သွား၍တက်ရောက်ခဲ့သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)အဖွဲ့ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကလည်း ရွှေဟင်္သာသတင်းဌာနအား ပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဆိုင်ရာ ကတိပြုချက်စာချုပ်ကို လက်မှတ်ရေးထိုးကြတဲ့ အဖွဲ့တွေကတော့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊  ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ရှမ်းပြည် ပြည်လည်ထူထောင်ရေးကောင်စီ တပ်မတော် RCSS/SSA အဖွဲ့တွေ ဖြစ်တယ်၊ အဲဒီ အဖွဲ့တွေကလွဲလို့ ကျနော်တို့ PNLO အဖွဲ့အပါအဝင် တက်ရောက်လာတဲ့ အခြားအဖွဲ့တွေ လက်မှတ်မထိုးဖြစ်ပါဘူး” ဟု ဦးခွန်မြင့်ထွန်းမှ ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

ထိုသို့ လက်မှတ်မရေးထိုးနိုင်ခဲ့ခြင်းမှာလည်း စာချုပ်၌ ကွဲလွဲမှုရှိနေသည့် ညှိနှိုင်းချက် အချို့ကို အပြန်အလှန်ညှိနှိုင်းပြီးမှသာ လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ပြီး လုံးလုံးလျားလျားသဘောမတူ၍ လက်မှတ်မရေးထိုးခဲ့ခြင်း မဟုတ်ကြောင်းလည်း ဦးခွန်မြင့်ထွန်းက ဆိုပါသည်။

ယခု လက်မှတ်ရေးထိုးခဲ့ကြသည့် ကတိပြုလွှာကဲ့သို့ လွန်ခဲ့သည့် လကုန်ပိုင်းတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဌမှ အစိုးရထံသို့ အဆိုပြုလွှာတစောင်အား တင်ပြခဲ့သော်လည်း တောင်းဆိုချက်ပါ အချက် (၂)ချက်နှင့် ပတ်သက်၍ မပြေလည်သောကြောင့် UNFC အနေဖြင့် လက်မှတ်မရေးထိုးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့များအနက်မှ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်မှမူ “အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို ဖိအားပေးမှု သဘောဆောင်သည့်အတွက် ယခုကဲ့သို့ စာချုပ်အား သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စောမောင်လေးက လည်း ရွှေဟင်္သာသတင်းဌာနအား ပြောကြားခဲ့သည်။

“အဓိက ကတော့ အေးချမ်းရေးရဖို့ရယ်၊ နိုင်ငံရေးကိစ္စကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းချင်တဲ့အတွက်ကြောင့်ပါ” ဟု ဗိုလ်မှူး စောမောင်လေးက ပြောသည်။

ထို (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၌ ရေးထိုးခဲ့သည့် “ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက် စာချုပ်” အား အစိုးရအဖွဲ့အား ကိုယ်စားပြု၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတ (၂)ဦး၊ လွှတ်တော် ဥက္ကဌ (၂)ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ၊ အစိုးရဝန်ကြီး (၁၅)ဦး၊ လွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ် (၃)ဦး၊ တပ်မတော် ကိုယ်စားပြု ဒုတိယ ဗိုလ်ချုပ်ကြီး (၃)ဦး၊ နိုင်ငံရေး ပါတီ (၆၁)ပါတီ အနက် (၅၅)ပါတီမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ရေးရာဝန်ကြီး (၂၉)တို့ သက်သေပြု၍ လက်မှတ်ရေးထိုးခဲ့ကြသည်။

(၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား တက်ရောက် ခဲ့ကြသည့် မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် မွန်အမျိုးသား ပါတီ တို့မှ ကိုယ်စားလှယ် များအား နေပြည်တော်၌ အတူ တကွတွေ့ရစဉ်

Most read this week