အံဒင် ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ ရပ်တန့်ရေး မွန်သံဃာတော်များ တောင်းဆို

အံဒင် ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ ရပ်တန့်ရေး မွန်သံဃာတော်များ တောင်းဆို
by -
ရွှေဟင်္သာ

မွန်ပြည်နယ် ရေးမြို့နယ် အံဒင် ကျေးရွာတွင် တည်ဆောက်ရန် လျာထားသည့် ကျောက်မီးသွေး လောင်စာသုံး ဓါတ်အားပေး စက်ရုံ စီမံကိန်း ရပ်တန့် ပေးရန်အတွက် ရေးမြို့နယ်တွင်း ကျေးရွာ (၆) ရွာမှ ကျောင်းထိုင် ဆရာတော် ကြီးများက မွန်ပြည်နယ် အစိုးရ အဖွဲ့ကို ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် တွေ့ဆုံကာ စီမံကိန်း ရပ်တန့် ပေးရန် တောင်းဆို ခဲ့ကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦး က ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာ (၁၆) ရက်နေ့တွင် ပြောသည်။

“ဆရာတော်တွေ အနေနဲ့ ကတော့  ဒီကျောက်မီးသွေး လောင်စာသုံး ဓါတ်အားပေး စက်ရုံ တည်ဆောက်မယ့် ကိစ္စမှာ သဘာဝ ပါတ်ဝန်းကျင် ထိခိုက် မှုတွေ ဖြစ်လာ နိုင်တယ်။ ရေမြေ တောတောင်တွေ ပျက်စီး ဆုံးရှူံး မှုတွေ ဖြစ်လာ နိုင်တယ်။ နောက်ပြီး လူမှုရေးရာ ကိစ္စတွေ ရှုပ်ထွေးမှုတွေ ဖြစ်လာ နိုင်တယ်။ ဒီအတွက်ကြောင့် ဒီစက်ရုံကို ဆက်လက် ပြီးတော့ မလုပ်ဖို့ ရပ်တန့် ပေးဖို့ ဆရာတော် ဘက်က တောင်းဆို တာပေါ့” ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

phophtaw1701

ရေးမြို့နယ် အံဒင် ကျေးရွာ အုပ်စုဝင် ဖြစ်သည့် အံဒင်၊ သာဂရမ်၊ ရွာသစ်၊ နှီးနှူ၊၊ နှီးတရုပ် စသည့် ကျေးရွာ (၆) ရွာမှ ကျောင်းထိုင် ဆရာတော် များမှ  မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေနှင့် မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီး ဌာန ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး တို့နှင့် လာရောက် တွေ့ဆုံ၍ တင်ပြ ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တွေ့ဆုံ ခဲ့စဉ် ၌လည်း ဤကျောက်မီးသွေး လောင်စာသုံး ဓါတ်အားပေး စက်ရုံ တည်ဆောက်ရန် အတွက် ခွင့်ပြုချက် မချမှတ် ရသေးကြောင်း   ပြည်နယ် အစိုးရမှ ဆရာတော် ကြီးများအား ရှင်းလင်း ပြောဆို ခဲ့သည် ဟုလည်း ဒေါက်တာ အောင်နိုင်ဦးက ရွှေဟင်္သာ သတင်း ဌာနအား ဆက်ပြောသည်။

“၀န်ကြီး ချုပ်က သူပြန်ပြောတဲ့ နေရာမှာ ဒီလက်ရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံဟာ လေ့လာမှု ပြုတဲ့ အဆင့်ဘဲ ခွင့်ပြုချက် ရသေးတယ်။ ပြည်နယ် အစိုးရ အဖွဲ့ အနေနဲ့ရော ဗဟို အစိုးရ အနေနဲ့ရော ဆောင်ရွက်ခွင့် ပြုပြီး ဆိုတဲ့ အစီအစဉ်တွေ မချ ရသေး ပါဘူး။ တရားဝင် ဆောက်လုပ်ခွင့်ကို ဘယ်အစိုးရ ကမှ မထုတ်ပြန် ထားသေး ပါဘူး။ လက်ရှိ Toyo Thai ကုမ္ပဏီ အနေနဲ့ ကွင်းဆင်းပြီး လေ့ လာ တာတို့ ပြည်သူ လူထုနဲ့ သဘောထား ရယူဖို့ ကြိုးစား နေတာဟာ၊ ဒါသူ့ရဲ့ လှုပ်ရှား မှုပါဘဲလို့ ဝန်ကြီးချုပ်က ပြန်ရှင်း ပြတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၄) ရက်နေ့ ၌လည်း ဤကျောက်မီးသွေး လောင်စာသုံး ဓါတ်အားပေး စက်ရုံ စီမံကိန်းအား ရပ်ဆိုင်း ပေးရေး အတွက် ရေးမြို့နယ် ဒေသခံများ လူမှု အဖွဲ့အစည်း များမှ လူအင်အား (၄၀၀) ကျော်နှင့် ကန့်ကွက် ဆန္ဒပြပွဲနှင့် ဓါတ်အားပေး စက်ရုံ ဆိုးကျိုး အကြောင်း ဟောပြော ပွဲများ ပြုလုပ် ခဲ့ကြောင်း အင်ဒင်း ဒေသခံ မိစိုက်စွန်းက ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၆) ရက်နေ့ တွင် ပြောကြား ခဲ့သည်။

“ကျမတို့ ဒေသခံတွေ ကတော့ သူတို့ လယ်ယာ ခြံမြေတွေ ပျက်စီး နိုင်တယ်။ ကျန်းမာ ရေးလဲ ထိခိုက် နိုင်တယ်။ ရေလုပ်သား တွေကလဲ စက်ရုံက စွန့်ပစ် အညစ် အကြေးတွေ ကြောင့် ရေသယံဇာတ ငါးတွေလဲ ပျက်သုန်း နိုင်သလို ၊ သဘာဝ ပတ်ဝန်း ကျင်လည်း ထိခိုက် နိုင်တယ်။ သဘာဝ ပါတ်ဝန်းကျင ်ညစ်ညမ်း မှုတွေ လေထု ညစ်ညမ်း မှုတွေ စက်ရုံက ထွက်လာတဲ့ ဆိုးကျိုးတွေ အားလုံး ကျွန်မတို့ ဒေသခံတွေ ထိခိုက် နိုင်တယ်၊ ဒါကြောင့် ကျမတို့ အနေနဲ့ ကန့်ကွက် ဆန္ဒပြတယ်” ဟု မိစိုက်စွန်းမှ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ရွှေဟင်္သာ သတင်း ဌာနအား ပြောသည်။

ဤအံဒင် ကျေးရွာတွင် တည်ဆောက်ရန် လျာထားသည့် ကျောက်မီးသွေး လောင်စာသုံး ဓါတ်အားပေး စက်ရုံအားလည်း ကျေးရွာ အတွင်း၌ လက်ခံသည့် အင်အားစုနှင့် လက်မခံသည့် အင်အားစု ဟူ၍ အင်အားစု နှစ်ဖွဲ့ ကွဲနေ ကြောင်းလည်း အံဒင် ဒေသခံ ကိုသန်းလွင်မှ ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ပြောခဲ့သည်။

ထို့ပြင်လည်း စက်ရုံ တည်ဆောက်ရေး အတွက် ကွင်းဆင်း လေ့လာ မှုများ သတ်မှတ်ချိန် ကျော်လွန် ခဲ့သည့် အတွက် ရပ်ဆိုင်း ထားရန် မွန်ပြည်နယ် လွှတ်တော်မှ ပြီးခဲ့သည့် ဇူလိုင် လတွင် ကျေညာချက် ထုတ်ပြန် ခဲ့ပြီး ဖြစ်သည်။

သို့ရာတွင် Toyo-Thai ကုမ္ပဏီ အနေနှင့် စီမံကိန်းအား ဆက်လက် အကောင်အထည် ဖော်နိုင်ရန် အတွက် အားယူ နေဆဲ အနေ အထားတွင် ရှိနေ သည်ဟု အံဒင်း ရွာခံ မိစိုက်စွန်းမှ ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၀) ရက်နေ့ ၌လည်း ဤကျောက်မီးသွေး လောင်စာသုံး ဓါတ်အားပေး စက်ရုံနှင့် ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုး များကို ဒေသခံများ သိရှိ နားလည် နိုင်ရန် အတွက် Toyo Thai ကုမ္ပဏီမှ ကုန်ကျစရိတ် ကျခံကာ ထိုင်းနှင့် ဂျပန် နိုင်ငံရှိ ကျောက်မီးသွေး လောင်စာသုံး ဓါတ်အားပေး စက်ရုံ များအား လေ့လာ နိုင်ရန် မွန်ပြည်နယ် ဒေသခံ (၁၅) ဦးကို ထိုင်းနှင့် ဂျပန် နိုင်ငံများသို့ စေလွှတ် ခဲ့သည်။

ကျောက်မီးသွေး စက်ရုံ စီမံကိန်း အကောင်အထည် ဖော်ရာတွင်စက်ရုံ စီမံကိန်းကြောင့် ဖြစ်ပေါ် လာနိုင်သော သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ဂေဟ စနစ် ထိန်းသိမ်းရေး စံချိန် စံညွှန်း များကို ဂျပန် စံချိန် စံညွှန်းနှင့် ကမ္ဘာ့ဘဏ် စံချိန် စံညွှန်း အတိုင်း လုပ်ဆောင်မည် ဖြစ်သည့် အတွက် ဆိုးကျိုး နည်းသည်ဟု Toyo Thai ကုမ္ပဏီ ဘက်မှ ဒေသခံ လူထု များအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ တွေ့ဆုံ ရှင်းလင်း ပွဲ၌ ပြောဆို ထားခဲ့သည်။

မွန်ပြည်နယ် ရေးမြို့နယ် အံဒင် ကျေးရွာတွင် တည်ဆောက်မည့် ၁၂၈၀ မဂ္ဂါဝပ်ထုတ် ကျောက်မီးသွေး လောင် စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ စီမံကိန်းကို အကောင်အထည် ဖော်ရန်အတွက် Toyo-Thai Group ကုမ္ပဏီမှ ၂၀၁၄ ခုနှစ် နှစ်ဆန်း ပိုင်းတွင် စတင် ကွင်းဆင်း လေ့လာ တိုင်းထွာ ခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း (၂၇၀၀) အကုန်ကျခံ တည်ဆောက်ရန် စီစဉ် ထားကာ နှစ် (၃၀) စီမံကိန်းနှင့် လုပ်ကိုင်ရန် ကုမ္ပဏီမှ ရည်ရွယ် ထားကြောင်း စီမံကိန်း အကျဉ်း ချုပ်ပါ ဖော်ပြချက် အရ သိရှိ ရသည်။

Most read this week