ထားဝယ်ရှိ လူမှုအဖွဲ့အစည်းများနှင့် KNU ဘိတ်-ထားဝယ်ခရိုင် တွေ့ဆုံ

ထားဝယ်ရှိ လူမှုအဖွဲ့အစည်းများနှင့် KNU ဘိတ်-ထားဝယ်ခရိုင် တွေ့ဆုံ
by -
ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်-ထားဝယ်ခရိုင်က အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏ အကူအညီပေး လုပ်ဆောင်နေမှုများနှင့် မိမိတို့ KNU ၏ သဘောထားများကို အပြန်အလှန် ပိုမိုနားလည်လာစေရန် ရည်ရွယ်၍ ထားဝယ်အခြေစိုက် ကရင်လူထုအခြေပြုအဖွဲ့အစည်းများ၊ NGO၊ INGO အဖွဲ့များနှင့် အောက်တိုဘာလ ၁ရက်နေ့က တွေ့ဆုံခဲ့သည်။

KNU ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဘီးလယ်က “ဒီမှာဆို NGO၊ INGO တွေ၊ လူမှုအဖွဲ့အစည်းတွေ အများကြီးပါပဲ။ သူတို့ လုပ်ဆောင်နေတဲ့ လုပ်ငန်းပိုင်းနဲ့ ပတ်သက်ပြီး ကျနော်တို့ အနည်းငယ်လောက်ပဲ သိထားတာ။ ဒီတွေ့ဆုံမှုမှာ သူတို့ လိုလားချက် တွေကို သိချင်လို့၊ ကျနော်တို့ဘက်ကလည်း ကျနော်တို့လိုလားချက်တွေ သဘောထားတွေကို ပြန်လည်ရှင်းပြတဲ့ သဘောဖြစ်ပါ တယ်”ဟု ပြောသည်။

DSC00056

အဆိုပါ တွေ့ဆုံမှုကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ ထားဝယ်-မြိတ် ကရင်နှစ်ခြင်းခရစ်ယာန် သာသနာနယ် Education Centre တွင် ပြုလုပ်ခဲ့ပြီး KNU ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူများ အပါအဝင် NGO၊ INGO များ၊ ကရင်လူမှုအခြေပြုအဖွဲ့ များ စသည့်အဖွဲ့အစည်း (၂၀)မှ ကိုယ်စားလှယ်ပေါင်း ၆၂ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များက ၎င်းတို့၏ ရည်ရွယ်ချက်၊ ဦးတည် ချက်များ လုပ်ဆောင်နေသည့် လုပ်ငန်းများကို တင်ပြဆွေးနွေးရာ KNU ၏ သဘောထားများနှင့် မည်သို့ ပူးပေါင်းဆောင်ရွက် သင့်သည်များကို အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ Karen Development Network (KDN) မှ စောအက်စ်ဘတ်က “အခုလိုဆွေးနွေးတာ KNU သဘောထားကို သိရတယ်။ ပူးပေါင်းဆောင်ရွက်ဖို့ကျတော့ နယ်ခံ CBO တွေက ကိစ္စမရှိပေမယ့် NGO၊ INGO လို အဖွဲ့ကြီးတွေ ကျတော့ သူတို့မှာလည်း သူတို့မူနဲ့ သူတို့ရှိတယ်လေ။ အဲဒါတွေ ဆွေးနွေးဖို့ ၆လတစ်ကြိမ်လုပ်ဖို့ သဘောတူထားတယ်” ဟု ပြောဆိုသည်။

နယ်မြေဖွ့ံဖြိုးရေးလုပ်ငန်းများနှင့် လူမှုအကျိုးပြုလုပ်ငန်းများဖြစ်သည့် ဖွ့ံဖြိုးမှုထောက်ပံ့ရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ အကူ အညီပေးရေး လုပ်ဆောင်ရာတွင် ပြည်သူလူထုနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်ရန် မူတည်၍ စိစစ်ခွင့်ပြုပေးသည့် KNU ၏ သဘောထားများလည်း ရှိထားပြီးဖြစ်သည်ဟု ပဒိုစောဘီးလယ်က ဆက်ပြောသည်။

KNU ဘိတ်-ထားဝယ်ခရိုင်နှင့် အစိုးရမဟုတ်သည့် အကူညီပေးရေးအဖွဲ့အစည်းများ၊ ဒေသခံ ကရင်လူမှုအဖွဲ့အစည်းများသည် ပြီးခဲ့သည့် ဧပြီလကလည်း ထားဝယ်မြို့တွင် တစ်ကြိမ်တွေ့ဆုံခဲ့ပြီး ယခုတွေ့ဆုံမှုမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

Most read this week