ကယားပြည်နယ် သန်းခေါင်စာရင်းကောက်ခံရာ ဒေသခံများ အိမ်ထောင်စုစာရင်း မှတ်ပုံတင်များ ထုတ်ပြ

ကယားပြည်နယ် သန်းခေါင်စာရင်းကောက်ခံရာ ဒေသခံများ အိမ်ထောင်စုစာရင်း မှတ်ပုံတင်များ ထုတ်ပြ
by -
စူးမလ်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ရာ ဒေသခံအချို့က စာရင်းကောက်မှ တောင်းဆိုခြင်းမရှိဘဲ အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်များကို ထုတ်ပြနေခြင်းကြာင့် စာရင်းကောက်များက ထပ်မံရှင်းပြနေရကြောင်း ဒေသခံ စာရင်းကောက်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါသမကြီး ကျေးရွာအုပ်စု ဒေါညေးခူကျေးရွာတွင် စာရင်းကောက်နေသော ဦးခင်မောင်လတ်က “အထူးသဖြင့် အသက်ကြီးတဲ့ အဘိုုးအဘွားတွေဆိုရင် သူတို့အသက်မမှတ်မိကြဘူး သူတို့မှတ်ပုံတင်တွေကိုပဲ ထုတ်ထားတယ်။ မတောင်းဘဲနဲ့ သူတို့က ကြည်ကြည်ဖြူဖြူနဲ့ ပေးပါတယ်။
တချို့ကျတော့ မေးတယ် ဒီလိုလာကောက်ရင် ပိုက်ဆံပေးရမလားလို့မေးတယ် ကျနော်တို့က မပေးရဘူးလို့ ပြန်ပြောပါတယ်။ ကျနော်တို့က လူဦးရေစာရင်းကို လိုချင်လို့လိုက်ကောက်တာပါလည်း ပြန်ရှင်းပြပါတယ်” ဟု ဆိုသည်။

ထိုသို့ ပြည်သူလူထုများကြား နားမလည်ရှုပ်ထွေးနေရခြင်းသည် သန်းခေါင်စရင်းကောက်ခံမှုကို နားမလည်ခြင်း ဖြစ်ကြောင်း ၊ ယခင်က ကောက်ခဲ့ဖူးသော်လည်း ယခုကောက်ခံမှုစနစ်နှင့် ကွာခြားမှုရှိနေခြင်းတို့ကြောင့် ခက်ခဲမှုများရှိနေသည်ဟု ပြောသည်။

“သူတို့ဆီက ကျနော်တို့ ဘာမှတောင်းကြည့်စရာမလိုပါဘူး။ ဒါပေမယ့် ဦးလေးအသက်က ဘယ်လောက်ရှိပြီလဲ လို့မေးရင် ပြောနိုင်တဲ့သူတွေကျတော့ ပြောတယ်၊ မပြောနိုင်တဲ့သူတွေကျတော့ ခဏနေဦး မှတ်ပုံတင်ယူ ပေးမယ်လို့ပြောတယ်။ သူတို့ဘာသာ သူတို့ယူပြတယ်။ ကျနော်တို့ မတောင်းကြည့်ပါဘူး” ဟု ဆိုသည်။

မိမိမွေးသက္ကရာဇ်ကို မမှတ်မိနိုင်သောသူများက များသောအားဖြင့် ထိုသို့ မှတ်ပုံတင်၊ အိမ်ထောင်စုများကို ကြည့်ရခြင်းလည်းဖြစ်ကြောင်း စာရင်းကောက် ဦးဖရေရယ်ကလည်းပြောပြခဲ့သည်။

ထို့ကြောင့် သန်းခေါင်စရင်းကောက်ယူမှုသည် လက်တွေ့တွင် အခက်အခဲများစွာကြံုတွေ့နေရကြောင်း ထိုအခက်အခဲကို အတတ်နိုင်ဆုံးပြေလည်အောင် စိတ်ရှည်ရှည်ရှင်းပြနေရကြောင်း စာရင်းကောက်
ဦးခင်မောင်လတ်က ဆက်ပြောသည်။

“သူတို့ကို အချိန်ပိုပေးရတာပေါ့နော်။ အချိန်ကို ပိုပေးရတဲ့အတွက် ခန့်မှန်းချိန် နာရီဝက်နဲ့ မပြီးနိုင်ဘူးပေါ့။ ၄၅ မိနစ် တစ်နာရီလောက် ကြာရင်လည်း ကြာသွားတယ်ပေါ့” ဟု ဆိုသည်။

ထိုသို့ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းကို ထုတ်ပြသော်လည်း မိသားစုမှ ဖြေဆိုသူကို ကိုင်ထားစေပြီး မိမိမေးသော မေးခွန်းကိုသာ ဖြေစေခဲ့ကြောင်း သိရသည်။

ကောက်ယူစဉ်တွင် ဒေသခံဖြစ်သည့်အတွက် ဘာသာစကားအခက်အခဲမရှိသော်လည်း တစ်ယောက်တည်း နေသော သက်ကြီးပိုင်းများကိုမူ ကိုယ်လက် ဟန်မှုရာနှင့် ရှင်းပြရသည့်အခြေအနေများတွင် အခက်အခဲရှိ ကြောင်း စာရင်းကောက်များကပြောသည်။