စစ်အုပ်စုအပေါ် ပိုမိုအားကောင်းသည့် စီးပွားရေးနှင့် သံတမန်ရေး ဖိအားများ တိုးမြှင့်ရန်နှင့် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးရေး အစီအစဉ်များကို ရပ်ဆိုင်းရန် KPSN တိုက်တွန်း

စစ်အုပ်စုအပေါ် ပိုမိုအားကောင်းသည့် စီးပွားရေးနှင့် သံတမန်ရေး ဖိအားများ တိုးမြှင့်ရန်နှင့် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးရေး အစီအစဉ်များကို ရပ်ဆိုင်းရန် KPSN တိုက်တွန်း

ဂျပန်အစိုးရ အပါအဝင် နိုင်ငံတကာအနေဖြင့် အာဏာသိမ်းစစ်အုပ်စုအပေါ် ပိုမိုအားကောင်းသည့် စီးပွားရေးနှင့် သံတမန်ရေးဖိအားများကို တိုးမြှင့်ပြီး ဂျပန်နိုင်ငံ၏ ဒေသတွင်းဖွံ့ဖြိုးရေး အစီအစဉ်များကို ရပ်ဆိုင်းသွားရန် ကရင် ငြိမ်းချမ်းရေးအထောက်အကူပြု ကွန်ရက်-KPSN က ဇူလိုင်လ ၁၉ ရက်နေ့တွင် အစီရင်ခံစာ တစ်စောင်ထုတ်ပြန်ကာ တိုက်တွန်းလိုက်သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ပိုင်း ငြိမ်းချမ်းရေး မြို့တော် လေးကေကော်ဒေသမှစ၍ ကရင်အမျိုးသား အစည်းအရုံး-KNU၊ တပ်မဟာ (၆) ဒေသ၊ ဒူးပလာယာခရိုင် ထိန်းချုပ်ရာနယ်မြေများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် သောင်းနှင့်ချီပြီး စစ်ဘေးရှောင်နေရသည့် စစ်ဘေးရှောင် ပြည်သူများအရေးနှင့်ပတ်သက်ပြီး ထုတ်ပြန်သည့် အစီရင်ခံစာတွင် ထိုသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

အဆိုပါ ဒေသတွင် ယခုဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ၏ အခြေခံပြဿနာများမှာ စစ်မှန်သော ငြိမ်းချမ်းရေး ဦးတည်ချက် စံချိန်စံနှုန်းမရှိသည့် နေပြည်တော်အစိုးရအပေါ် ဂျပန်အစိုးရအနေဖြင့် ဖွံ့ဖြိုးရေး အကူအညီများ ဘီလီယံနှင့်ချီပေးအပ်ခဲ့ခြင်းကြောင့် စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုအပေါ် အထောက်အပံ့ပိုမိုဖြစ်ပေါ်စေခဲ့ပြီး ဖွံ့ဖြိုးရေး စီမံကိန်းများမှတစ်ဆင့် ပဋိပက္ခဒေသအတွင်း စစ်တပ်၏ အလျင်အမြန်ဝင်ရောက်လှုပ်ရှားမှုကို လုပ်ဆောင်ပေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာ၏ ပြောခွင့်ရ နော်ဝါးခူရှီးက “အခု လက်ရှိ ပြည်သူလူထုအပေါ် ဆန့်ကျင်ပြီး အကြမ်းဖက်လုပ် ဆောင်မှုတွေ တစ်နိုင်ငံလုံး ခံစားနေရတဲ့အချိန်မှာ အထူးသဖြင့် ဂျပန်အစိုးရအနေနဲ့ စီးပွားရေးအရ ပူးပေါင်း လုပ်ဆောင်မှုတွေကို ရပ်တန့်သင့်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံနေတဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေဖြစ်တဲ့ လမ်းဖောက်တာ၊ တံတားဆောက်တာ စတဲ့အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းတွေကို ရပ်တန့် သင့်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာနိုင်ငံဒေသအနှံ့အပြား စစ်ကောင်စီ၏ ရက်စက်ကြမ်းတမ်းသောလုပ်ရပ်များကို ပြည်သူလူထုများကြုံတွေ့ နေရချိန် ၎င်းတို့၏လုပ်ရပ်များအပေါ် ရပ်တန့်နိုင်မည့် ပိုမိုအားကောင်းသည့် သံတမန်နှင့် စီးပွားရေး ဖိအားများ အပြင် ဂျပန်နိုင်ငံမှ အရှေ့အနောက် စီးပွားရေး စင်္ကြန် (EWEC) ကဲ့သို့သော ဗျူဟာမြောက် အခြေခံအဆောက် အအုံများဖြစ်သည့် တံတားများဆောက်လုပ်ခြင်းအပါအဝင် လက်ရှိလုပ်ဆောင်နေဆဲ ဒေသဖွံ့ဖြိုးရေး (ODA) စီမံကိန်းများကို ရပ်ဆိုင်းရန် KPSN က ဆိုလိုခြင်းဖြစ်သည်။

ထို့သို့ ပိုမိုအားကောင်းသည့် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရာတွင်လည်း စစ်ကောင်စီထံဝင်ငွေစီးဆင်းနေသည့် အရင်းအမြစ်များအပေါ် ပိတ်ဆို့ခြင်း၊ စစ်တပ်ထံသို့ စစ်လက်နက်နှင့်ဆက်စပ်ပစ္စည်းများ ရောင်းချပေးနေသည့် ကုမ္ပဏီများ၊ လက်နက်ပွဲစားများအပေါ် အရေးယူပိတ်ဆို့ရန်အပြင် လေယာဉ်ဆီ ရောင်းဝယ်ရေးအပေါ်တွင်လည်း ပိတ်ဆို့သွားရန် KPSN က အကြံပြုတိုက်တွန်းထားသည်။

၎င်းအပြင် စစ်ရေးပဋိပက္ခကြောင့် လက်ရှိတွင် လေးကေကော်မြို့သစ်အတွင်း ပြန်လည်ဝင်ရောက် နေထိုင်နေကြသည့် ယခင်ဒုက္ခသည်များအပါအဝင် မြို့သစ်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံ ၇၁ ဦးထိခိုက် သေဆုံးသွားသလို ဒေသခံပြည်သူ ၈၆,၀၀၀ ကျော်မှာလည်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ယာယီစစ်ရှောင် စခန်းများတွင် စစ်ဘေးရှောင်နေကြရဆဲဖြစ်ကြောင်း၊ ၎င်းတို့အတွက် လိုအပ်သည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများလည်း ဆက်လက်လိုအပ်နေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သည့် ငြိမ်းချမ်းရေး ပြယုဒ်ဖြစ်သော လေးကေကော်မြို့သစ်စီမံကိန်းသည် လက်ရှိ ၎င်းဒေသတွင် ဖြစ်ပေါ်နေသည့် စစ်ရေးပြဿနာ၏ အစဖြစ်ပြီး အာမခံချက်မရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှတဆင့် ပေါ်ပေါက်လာသည့် ၎င်းမြို့သစ် စီမံကိန်းထဲသို့ ဒုက္ခသည်များကို ပြန်လည်ဝင်ရောက်နေထိုင်ရန် အားပေးလှုံ့ဆော်ခဲ့သည့် ဂျပန်အစိုးရကိုလည်း KPSN က အစီရင်ခံစာ၌ ပြစ်တင်ဝေဖန်ထားသည်။

ဆက်လက်ပြီး စစ်တပ်သို့ လက်နက်နှင့် ငွေကြေးရရှိနေမှုများကို နိုင်ငံတကာအနေဖြင့် မဖြတ်တောက်နိုင်သေး သ၍ လက်ရှိပဋိပက္ခကာလမှ ပိုမိုကြာရှည်မည်ဖြစ်ပြီး ပြည်သူလူထု ပိုမိုထွက်ပြေးတိမ်းရှောင် သေဆုံးမှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်းနှင့် စစ်တပ်၏ လုပ်ဆောင်မှုများနှင့် လုပ်ရပ်များကို နိုင်ငံတကာအနေဖြင့် သိရှိထားပြီး ဖြစ်သောကြောင့် ၎င်းကို ချက်ခြင်းလုပ်ဆောင်ရန်လည်း KPSN က ဆက်လက် တိုက်တွန်းထားသည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်(KPSN)သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရတို့ကြား ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်ကို အထောက်အကူပြုရန် ရည်ရွယ်ကာ ၂၀၁၂ခုနှစ်၊ ဇူလိုင်လတွင် မြန်မာပြည်တွင်းနှင့် နယ်စပ်ဒေသရှိ ကရင်လူထုအခြေပြုအဖွဲ့အစည်းပေါင်း ၂၀ကျော်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

June 19, 2026
Residents in Karen State said they face mounting difficulties in travel and trade as the junta...
June 16, 2026
Karen National Union (KNU) Chairman Padoh Saw Kwe Htoo Win urged all Karen people to work hard...
June 12, 2026
Fortify Rights, an independent human rights group that investigates and documents serious human...
June 9, 2026
Kawthoolei Justice Forum, held from June 1 to 3, reached a consensus to crack down on telecom...