မြောက်ဥၤီးတွင် လူနာလိုက်ပို့သူ ၆ ဦးနှင့် လူနာကို စစ်တပ်က ခေါ်ဆောင်သွားဟုဆို

မြောက်ဥၤီးတွင် လူနာလိုက်ပို့သူ ၆ ဦးနှင့် လူနာကို စစ်တပ်က ခေါ်ဆောင်သွားဟုဆို

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာမှ လူနာသွားပို့သည့် ကျေးရွာသား ၆ ဦးနှင့် လူနာ ဖြစ်သူကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုများက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ ဦးမောင်ထွန်း (၄၂) နှစ်(ဘ) ဦးထွန်းအောင်ခိုင်၊ ဦးစိုးစိုးနိုင်(၃၃) နှစ် (ဘ) ဦးမောင်စောထွန်း၊ ကိုဇော်မင်းထွန်း (၂၀) နှစ် (ဘ) ဦးကျော်ဝင်းတင်၊ ကိုစည်သူအောင်(၁၉) နှစ် (ဘ) ဦးမောင်သောင်းအေး၊ ကိုဇောနိုင်ဌေး (၂၈) နှစ်(ဘ) ဦးမောင်ကျော်သာနှင့် ကိုထွန်းစိုးလင်း (၂၉) နှစ် (ဘ) ဦးညံ့သာအောင်တို့ ဖြစ်ကြသည်ဟု သိရှိရသည်။

လူနာမှာ လှမောင်ဝင်း (၂၃) နှစ်(ဘ) ဦးကျော်လှသိန်းဖြစ်ပြီး မင်းပြားမြို့နယ်၊ ပန်းမြောင်းအနီးရှိ သပေါ့စာတဲစုက ဖြစ်ကာ ၎င်းလူနာအား ပို့ဆောင်စဉ် မြောက်ဦး အခြေစိုက် ၅၄၀ တပ်ရင်းက ခေါ်ယူသွားသည်ဟု ရွာက ဆွေမျိုးများက ပြောသည်။

ကျောင်းတောင်ကျေးရွာမှ ဆွေမျိုး တစ်ဦးက “ အဲဒီလှမောင်ဝင်းက ငှက်ဖျားဖြစ်ပြီး အသည်းအသန် ဆိုတော့ ဒီလူ ၆ ဦးက မြောက်ဦးဆေးရုံကို မနေ့ ညဉ့်က ကားနဲ့ သွားပို့တယ်လို့ သိရတယ်။ ညဉ့် ၁၀ နာရီလောက်မှ ချောင်းသစ်ရွာအလွန်မှာ တပ်က ဖမ်းသွားတယ်လို့ သိရပါတယ်။ အခု ဘယ်ကို ရောက်နေတယ်ဆိုတာ မသိရသေးပါ။ ဖမ်းသွားတာတော့ မှန်ကန်ပါတယ်” ဟု ပြောဆိုသည်။

ကျောင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းရွှေမောင်သို့ ဆက်သွယ်ရာ ၎င်းက စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ကို အတည်ပြုနိုင်ကြောင်း နိရဉ္စရာသို့ ပြောဆိုသည်။

“ ဖမ်းတာက ညဉ့် ၉ နာရီနဲ့ ၁၀နာရီလောက်မှာ ဆင်အိုကြီးနဲ့ မြောက်ဦးအကြား ချောင်းသစ်ရွာအနီးမှာ ခမ၇ ၅၄၀ က ဖမ်းသွားတယ်လို့ သိရပါတယ်။ အခုကတော့ ၃၇၈ မှာ ဖမ်းဆီးထားပြီး မနက်ဖြန် စစ်တွေကို ပို့မယ်လို့ သိရပါတယ်” ဟု အုပ်ချုပ်ရေးမှူး သိန်းရွှေမောင်က ပြောကြားသည်။

ငှက်ဖျားဖြစ်သည့်လူငယ်မှာ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှ ဖြစ်ပြီး သပေါ့စာတဲစုတွင် နေထိုင်သူ ဖြစ်ကြောင်း၊ ငှက်ဖျား အသည်းအသန်ဖြစ်ပြီး ညဉ့်အချိန် ကျောင်းတောင်ရွာသို့ ယူဆောင်လာကြောင်း၊ မြောက်ဦးမြို့သို့ ပို့ဆောင်ရန် အကူအညီတောင်းသည့်အတွက် ရွာသား ၆ ဦးမှ အရေးပေါ် လိုက်ပို့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ပို့ဆောင်စဉ် အဖမ်းခံရခြင်း ဖြစ်ကြောင်း၊ ဆန်စက်ပိုင်ရှင် ဦးစိုးစိုးနိုင်မှာ မြောက်ဦးမြို့နယ် နာရေးကူညီမှု အသင်းတွင် ချိတ်ဆက်ပြီး တက်ကြွကြွ လုပ်ဆောင်နေသူ တစ်ဦး ဖြစ်ကြောင်း၊ သူတို့အားလုံးမှာ ရွာတွင် ရိုးရိုးသားသား လုပ်နိုင်သူ ဖြစ်ကြောင်း ကျောင်းတောင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြောက်ဦးမြို့မ ရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းကိုင် ဖြေဆိုခြင်းမရှိပါ။ အစိုးရစစ်တပ်ဘက်သို့ဆက်သွယ်လိုသော်လည်း ဖုန်းနံပတ် မရှိသဖြင့် မေးမြန်း တင်ပြနိုင်ခြင်းမရှိပါ။

မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ သူတို့ ၆ ဦးက ကျောင်းတောင်ကျေးရွာ လူမှုကူညီရေး အသင်းမှာ အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ သူတို့ကို အဲဒီကလေး လှမောင်ဝင်းက ငှက်ဖျားဖြစ်ပြီး သတိမေ့နေတဲ့ အတွက် အကူအညီတောင်းတာကြောင့် သပေါ့စာတဲစုကနေ သွားရောက်ယူဆောင်ပြီး မြောက်ဦးကို ပို့ဆောင်စဉ်မှာ ချောင်းသစ်ရွာအနီးမှ အမှတ် ၅၄၀ တပ်ရင်းကနေ တားပြီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။” ဟု ပြောဆိုသည်။

သူတို့နှင့် အတူ ကားသမား ၃ ဦးကိုလည်း ခေါ်ယူသွားသည်ဟု သတင်းရရှိကြောင်း၊ မိသားစုများ ထံသို့လည်း တပ်က တစ်စုံတစ်ရာ အကြောင်း ကြားမှု မရှိသဖြင့် ဘယ်နေရာကို ရောက်နေသည်ဟု မသိရဘဲ ပျောက်ဆုံးနေကြောင်း၊ ခေါ်ယူခံရသူမှာ စုစုပေါင်း ၁၀ ဦးဟု သတင်းရကြောင်း ဦးထွန်းသာစိန်က နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

More news from Narinjara
May 7, 2026
Poe War — Two fishermen have died in separate boating accidents after strong winds capsized...
May 5, 2026
A series of lightning strikes over three days in the Rakhine State townships of Kyauktaw, Mrauk-...
May 4, 2026
Poe War — The Myanmar army has reportedly arrested approximately 70 residents, including 40...
May 1, 2026
Kyaw Thiha — Severe winds swept through Ponnagyunt and Kyauktaw townships yesterday, April 29,...