မလေးရှားတွင် ဒုက္ခသည်မူဝါဒ တင်းကျပ်လာ၍ မြန်မာများ သတိထားနေထိုင်ရန် ACR တိုက်တွန်း

မလေးရှားတွင် ဒုက္ခသည်မူဝါဒ တင်းကျပ်လာ၍ မြန်မာများ သတိထားနေထိုင်ရန် ACR တိုက်တွန်း

မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့် မြန်မာနိုင်ငံသားများ အနေဖြင့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကာ အထူး သတိထား နေထိုင်ကြရန် ချင်းဒုက္ခသည်များ မဟာမိတ်အဖွဲ့ (ACR) က တိုက်တွန်းလိုက်သည်။

မလေးရှားပြည်ထဲရေးဝန်ကြီးက ဒုက္ခသည်များအား နိုင်ငံအတွင်း အကန့်အသတ်မရှိ နေထိုင်ခွင့်ပေးမည် မဟုတ် ကြောင်း ပြောဆိုထားပြီး တတိယနိုင်ငံသို့ ပြောင်းရွှေ့အခြေချစေခြင်း၊ မိခင်နိုင်ငံ၏ အခြေအနေ တည်ငြိမ်လာ ပါက ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြစ်မှုကျူးလွန်သူများကို နှင်ထုတ်ခြင်းတို့မှာ ရွေးချယ်စရာ နည်းလမ်းများဖြစ် ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

ထို့ပြင် မလေးရှားအစိုးရက ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အနေဖြင့် ဒုက္ခသည် အသစ်များကို ယာယီမှတ်ပုံတင်ခြင်း ရပ်ဆိုင်းရန်နှင့် အဖွဲ့အစည်း၏ တည်ရှိမှုကို ပြန်လည်သုံးသပ်ရန် တောင်းဆို မှုများလည်း ပေါ်ပေါက်နေသည်။

ထိုကဲ့သို့သော အခြေအနေများကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် ပိုမိုသတိထား နေထိုင်သင့်ကြောင်း ACR ဥက္ကဋ္ဌ ဆလိုင်းဂျိမ်းစ်ဘွေ့ထန်ဘစ်က ပြောဆိုသည်။

“UNHCR လို အဖွဲ့အစည်းတည်ရှိမှုကိုတောင် ပြန်လည်စဉ်းစားနေတဲ့အချိန်မှာ ကျနော်တို့ ဒုက္ခသည် အဖွဲ့ အစည်းတွေအနေနဲ့ ပြောစရာမရှိတော့ပါဘူး။ လက်တွေ့မှာ အဖမ်းအဆီးတွေ ပိုများလာနေတဲ့အတွက် အား လုံး စည်းကမ်းတကျ နေထိုင်သွားလာကြဖို့ တိုက်တွန်းရတာပါ” ဟု ၎င်းက မဇ္ဈိမသို့ ပြောသည်။

ထို့ပြင် လူမှုကွန်ရက် အသုံးပြုရာတွင် သတိထားရန်၊ လူအစုအဝေးဖြင့် နေထိုင်ခြင်းနှင့် ပွဲလမ်းသဘင်များ မပြုလုပ်ရန်၊ ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုရန်နှင့် အထူးသဖြင့် မည်သည့်ပြစ်မှုမျိုးကိုမျှ မကျူးလွန်ကြ ရန်လည်း ၎င်းက သတိပေးထားသည်။

ဇူလိုင် ၂၇ ရက်နေ့က မလေးရှားနိုင်ငံ ပီနန်ပြည်နယ်တွင် နေအိမ်များမှ နှင်ထုတ်ခံခဲ့ရသည့် ရိုဟင်ဂျာ ၁၀၀ ကျော် သည် ကွာလာလမ်ပူရှိ UNHCR ရုံးရှေ့တွင် ခိုလှုံခွင့်တောင်းခံရန် စုဝေးခဲ့ရာ အာဏာပိုင်များက ထိန်းသိမ်းခဲ့သော် လည်း ဒုက္ခသည် အသိအမှတ်ပြုကတ်များ ရှိနေသဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

အလားတူ ဇူလိုင်လ ၂၉ ရက်ရက်တွင် အီပို့ (ကမ့်ပါး) မြို့၌ တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိမှုဖြင့် ကလေးငယ်တစ်ဦး အပါအဝင် ချင်းတိုင်းရင်းသား ခြောက်ဦး ဖမ်းဆီးခံခဲ့ရပြီး မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်း ၁၉ ခုတွင် လက်ခံနိုင်သည့် ပမာဏထက် ကျော်လွန်နေကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦး က ပြောသည်။

မလေးရှားအစိုးရ အဆိုပြုထားသည့် တတိယနိုင်ငံ ပြောင်းရွှေ့အခြေချရေး အစီအစဉ်ကို UNHCR က အကူ အညီ ပေးနေသော်လည်း လက်ခံမည့်နိုင်ငံများ လျော့နည်းလာပြီး အချို့နိုင်ငံများက လုံးဝလက်မခံတော့ သဖြင့် ထိုနည်းလမ်းမှာ လက်တွေ့ကျသည့် ဖြေရှင်းနည်း မဟုတ်ကြောင်း ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကြောင့် နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင်ခံရပါက အသက် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ပြီး အထူးသဖြင့် လူငယ်များမှာ အဓမ္မစစ်မှုထမ်းခိုင်းခံရမည့် အန္တရာယ်ရှိနေသဖြင့် ပြန်လည်ပို့ဆောင်ရေး အစီအစဉ်မှာ မဖြစ်နိုင်သေးကြောင်း ACR ဥက္ကဋ္ဌက ဆိုသည်။

ACR အနေဖြင့် ဒုက္ခသည်များ၏ လုံခြုံရေးကို အပြည့်အဝ အာမခံနိုင်မည်မဟုတ်သော်လည်း နေထိုင်ရာ ရပ်ရွာ၊ ကွန်မြူနတီနှင့် စာသင်ကျောင်းများ၏ အကာအကွယ်ရရှိရေးအတွက် ဒေသအာဏာပိုင်များနှင့် နားလည်မှု ရရှိစေရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည်ဟု ဆိုသည်။

လက်ရှိ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ၄၀၀,၀၀၀ ခန့် နေထိုင်လျက်ရှိပြီး UNHCR စာရင်းများအရ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူ ၂၀၀,၀၀၀ နီးပါးရှိကာ ကျန် ၂၀၀,၀၀၀ ခန့်မှာ ဒုက္ခသည်အဖြစ် လျှောက်ထားဆဲသူများနှင့် အခြားအကြောင်းအမျိုးမျိုးဖြင့် နေထိုင်နေကြသူများ ဖြစ်ကြသည်။

More news from Mizzima
July 23, 2026
Ongoing military offensives by the Myanmar junta over the past two months have claimed the lives...
July 20, 2026
Under heavy security and amid communications blackouts, Myanmar military junta chief Min Aung...
July 17, 2026
A proposed 90-day extension of martial law by the Myanmar military junta will have no practical...
July 16, 2026
Myanmar's military junta has arrested at least 166 people in Yangon since April 2026, with an...