အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက် သျှမ်းခေါင်းဆောင်များ၊ တတ်သိပညာရှင်များ တွေ့ဆုံဆွေးနွေးဖို့လိုဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက် သျှမ်းခေါင်းဆောင်များ၊ တတ်သိပညာရှင်များ တွေ့ဆုံဆွေးနွေးဖို့လိုဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ND မကျင်းပနိုင်သေးသော်လည်း သျှမ်းခေါင်းဆောင်များ၊ တတ်သိပညာရှင်များ တွေ့ဆုံကာ နိုင်ငံရေးအတွက် ပြင်ဆင်မှု ပြုလုပ်ထားသင့်သည် သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောသည်။

လာမည့်ဒီဇင်ဘာလတွင် ငြိမ်းချမ်းရေးညီလာခံ ၊ ၂၁ ရာစုပင်လုံ တတိယအကြိမ်ကျင်းပရန် မြန်မာအစိုးရ ဘက်က ပြင်ဆင်နေချိန် အစိုးရကိုယ်စားလှယ်နှင့် NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့ ၈ ဖွဲ့ EAOs တို့ နို၀င်ဘာလ ၁၇ မှ ၂၀ ရက်နေ့အထိ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

သျှမ်းအမျိုးသားအဆင့် ND ကို တောင်ကြီး သို့မဟုတ် ပင်လုံတွင်ကျင်းပရန် အစိုးရ တပ်မတော်ပိုင်းက ခွင့်မပြုဘဲ RCSS/SSA ထိန်းချုပ်နယ်မြေ လင်းခေး၊ မိုင်းပန် သို့မဟုတ် မိုင်းတော့ မိုင်းထားတွင်ကျင်းပ ရန်ပြောဆိုသည့်အပေါ် သျှမ်းခေါင်းဆောင်အများစုက လက်မခံကြပေ။

သို့သော်လက်ရှိတွင် CSSU အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားသည့် RCSS/SSA ခေါင်းဆောင်ဗိုလ်ချုပ်ကြီး ယွက်စစ်က “ ND က တကြိမ်တည်းလုပ်ပြီး ပြီးတာမဟုတ်ဘူးလေ။ အကြိမ်ကြိမ်လုပ် ရမယ်ဆိုတော့ ။ တကယ်လို့ တောင်ကြီး သို့မဟုတ် ပင်လုံမှာမလုပ်ရရင် ကျနော်တို့မလုပ်တော့ ဘူးလား …ပေါ့။ ကျနော့်အနေနဲ့တော့ ND မလုပ်ဖြစ်သေးတာတောင်မှ တတ်သိပညာရှင်တွေကို ခေါ်ပြီးဆွေးနွေးမယ်။ နောက်တခုက ND အတွက် ပြင်ဆင်ရေးဆွေးနွေးရေး CSSU အဖွဲ့ဝင်ခေါင်းဆောင်တွေ ဆွေးနွေးရဦးမယ်။ ဒါမှမဟုတ် နိုင်ငံရေးဂုဏ်သိက္ခာကိုဘဲစောင့်ထိန်းမလား သို့မဟုတ် နိုင်ငံရေးလို အပ်ချက် အတွက် အဆင်ပြေတဲ့နေရာမှာလုပ်မလား -ဆွေးနွေးကြရမှာလေ ” ဟု သျှမ်းသံတော်ဆင့်အား ဖြေကြားသည်။

သျှမ်းပြည်သူလူထုဆန္ဒရရှိအရေးအတွက် အဓိကအရေးကြီးသဖြင့် ဆွေးနွေးပွဲလုပ်မည့်နေရာမှာ အရေးမကြီး ကြောင်း၊ စော်ဘွားများလက်ထက်ကလည်း တွေ့ဆုံဆွေးနွေးမှုကို မြို့ကြီးပြကြီးများတွင် မလုပ်သည်များ လည်းရှိကြောင်း၊ အကယ်၍ ND မလုပ်ဖြစ်ပါကရှေ့ဆက်နိုင်ငံရေးဆွေးနွေးရေးမလုပ်တော့ဘဲ ရပ်တန့်မည်လောဟု မေးစရာဖြစ်နေကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောသည်။

တပ်မတော် သဘောထားအတိုင်း RCSS/SSA ထိန်းချုပ်နယ်မြေ မိုင်းတော့၊ မိုင်းထားတွင် သျှမ်းအမျိုး သားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် NLD အစိုးရ ကလည်း တိုက်တွန်းထားသည်။ သျှမ်းပြည်နယ် တွင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့သာရှိသည်။ ထိုအနက် PNLO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါ၀င်သည့် ပအိုဝ်းလူမျိုးသာ ကျင်းပပြီး သျှမ်းပြည်တပ်မတော် RCSS/SSA ပါ၀င်သည့် သျှမ်းလူမျိုးများမှာမူ ကျင်းပနိုင်ခြင်းမရှိသေးပေ။

May 3, 2024
စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အမျိုသားများ ပြည်ပသို့ တရားဝင်အလုပ်သွားရောက်လုပ်ကိုင်ခွင့်ကို...
May 3, 2024
သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ (...
May 2, 2024
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် တို့ ပြန်လည်ထိန်းချုပ်ထားပြီးနောက်...
April 29, 2024
အကြောင်းအမျိုးမျိုးဖြင့် ပင်စင်ယူထားသည့် စစ်မှုထမ်းဟောင်းများ အနည်းဆုံး ၃ နှစ် ထပ်မံ...