ဝမ္မသူးဆေးရုံ တိုက်ခိုက်ခံရမှု သေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရသူ ၃၀ ဦးအထိ တိုးလာ

ဝမ္မသူးဆေးရုံ တိုက်ခိုက်ခံရမှု သေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရသူ ၃၀ ဦးအထိ တိုးလာ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၅ ဦးနှင့် ထိခိုက် ဒဏ်ရာရရှိသူ ၃၀ ဦးအထိ တိုးလာပြီး ဆေးရုံတစ်ခုလုံး မီးလောင်ပျက်စီးသွား၍ ကျန်းမာရေးစောင့်ရှောက်မှု ပြန်လည်ပေးနိုင်ရန် ကူညီထောက်ပံ့မှု များ အရေးတကြီး လိုအပ်နေကြောင်း သတင်းရရှိသည်။

ဧပြီလ ၂၅ ရက် ည ၈ နာရီခန့်က စစ်ကောင်စီက ဝမ္မသူး ဆေးရုံကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ရာတွင် ပေါင် ၅၀၀ ဗုံး ၄ လုံးကျော်အထိ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ပထမအကြိမ်တွင် လူနာများ ကုသနေသည့် အပေါ်ဆေးရုံထိခိုက်ပျက်စီးခဲ့ပြီး လူနာများ၊ လူနာစောင့်များ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာ များ ရရှိခဲ့ကာ အမျိုးသား ၅ ဦး သေဆုံးကြောင်း၊ ဒုတိယအကြိမ်တွင် ဆေးပစ္စည်နှင့် အခြားပစ္စည်းများ သိုလှောင်သည့် အောက် ဆေးရုံ၊ ကျန်းမာရေးဝန်ထမ်း အိမ်ရာများ ထိခိုက်ပျက်စီး မီးလောင်သွားခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ခွဲစိတ်ခန်း၊ လူနာဆောင်၊ ဓါတ်ခွဲခန်း၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများနှင့်တကွ ဆေးရုံကား၊ ဆီပေပါ၊ ဆေးဝါးနှင့် ခွဲစိတ်ပစ္စည်းများ၊ ကျန်းမာရေးဝန်ထမ်း အိမ်ရာနှင့်တကွ အသုံးအဆောင်ပစ္စည်း ပေါင်း ကာလတန်ဖိုး သိန်းတစ်သောင်း ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဝမ္မသူး ဆေးရုံးသည် မင်းတပ်မြို့နယ်တစ်ခုလုံးသာမက ချင်းပြည်တောင်ပိုင်း မတူပီ၊ ကန်ပက်လက်၊ ပလက်ဝနှင့်တကွ မကွေးတိုင်းထဲက ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆော၊ လောင်းရှည်၊ စေတုတ္တရာ၊ ပွင့်ဖြူ၊ ဆိပ်ဖြူ၊ ပေါက်၊ မြိုင်၊ စစ်ကိုင်းတိုင်းထဲက ပုလဲ၊ ယင်းမာပင်ဒေသတို့က တော်လှန်ရေးရဲဘော်များ၊ ပြည်သူများကို အဓိက ကုသပေးနေသည့် ဆေးရုံးဖြစ်ကြောင်း သိရသည်။

“ဝမ္မသူးဆေးရုံဟာ တော်လှန်ရေးရဲဘော်တွေ၊ ပြည်သူတွေရဲ့ အားထားရာ ဆေးရုံတစ်ခုဖြစ်ပြီး လက်ရှိတော်လှန်ရေး ကာလတလျှောက်မှာ အသေးစား၊ အကြီးစား ခွဲစိတ်မှုနှင့်တကွ ပြည်သူတွေကို အခမဲ့နီးပါး (တော်လှန်ရေးရဲဘော်တွေကို အခမဲ့) ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ပြည်သူ့ဆေးရုံတစ်ခုဖြစ်ပါတယ်”ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ထို့ကြောင့် တော်လှန်ရေးနှင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် လိုအပ်သော ကြောင့် ကုသရေး ပြန်လည် ထူထောင်လည်ပတ်နိုင်ရန် ကူညီထောက်ပံ့မှုများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း သိရသည်။

ဝမ္မသူးဆေးရုံသည် CDM ကျန်းမာရေးဝန်ထမ်းများအပါအဝင် ဆရာဝန်များ၊ သူနာပြုများနှင့် အခြားကျန်းမာရေးဝန်ထမ်းများဖြင့် ကျန်မာရေးစောင့်ရှောက်မှု ပေးနေပြီး ဗုံးကြဲတိုက်ခိုက်မှုတွင် ကံကောင်းစွာဖြင့် ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ နှင့် ၂၀၂၄ အတွင်း ဝမ္မသူးဆေးရုံကို ဦးတည်၍ မင်းတပ်မြို့ပေါ်ရှိ ခလရ (၂၇၄) တပ်ရင်းမှ ဟောင်ဝစ်ဇာဖြင့် အကြိမ်ပေါင်း ၂၀ နီးပါးတွင် လက်နက်ကြီး အလုံးရေ ၆၀ ခန့်ပစ်ခတ်ခဲ့ပြီး ကျေးရွာနေ ပြည်သူများ၊ အိုးအိမ်များ ထိခိုက်၊ ပျက်စီးခဲ့ရကြောင်း သိရသည်။

၂၀၂၄ ဇန်နဝါရီလ ၁၅ ရက်တွင် ဝမ္မသူးရွာကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရာမှာ သက်ကြီးရွယ်အို အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့ကြောင်း၊ ကျေးရွာလူနေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

၂၀၂၃ ဖေဖော်ဝါရီလ ၁၅ ရက်ကလည်း စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီး ဝမ္မသူး ဆေးရုံတစ်ခုလုံံးကို မြေလှန်ဖျက်စီးခဲ့ကာ ဆေးဝါး၊ ထိုင်ခုံ၊ ဗီရို၊ ခွဲစိတ်ပစ္စည်း၊ ဓာတ်မှန်စက်၊ စားပွဲ၊ သောက်ရေပုံး စသဖြင့် ပစ္စည်းအားလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Most read this week

May 14, 2024
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာကို စစ်ကောင်စီက...
May 10, 2024
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ခဝဲကျေးရွာတွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦး...
May 10, 2024
မကွေးတိုင်း၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ပြည်သူများ အစည်းအဝေး...