ဆင်ဘိုမြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ဗိုလ်မှူးကြီးနော်ဘူပြော

ဆင်ဘိုမြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ဗိုလ်မှူးကြီးနော်ဘူပြော
ရှေ့တန်းတစ်နေရာမှာတွေ့ရတဲံ KIA တပ်ဖွဲ့ဝင်များ
ရှေ့တန်းတစ်နေရာမှာတွေ့ရတဲံ KIA တပ်ဖွဲ့ဝင်များ

မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဘက်က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။

မြစ်ကြီးနား – ဗန်းမော် ရေကြောင်းလမ်းပေါ် ဧရာ၀တီမြစ်ကမ်းဘေးရှိ ဆင်ဘိုမြို့ စစ်ကောင်စီ ခလရ ၁၄၁ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဧပြီ ၂၉ ရက်နေ့ ဒီနေ့မနက် ၁၁ နာရီခွဲမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဆိုပါတယ်။

“ဆင်ဘိုကို ဒီမနက် ၁၁ နာရီခွဲမှာ အပြီးအပိုင် တိုက်ခိုက်သိမ်းပိုက်လိုက်ပါပြီ။ မနေ့ညကစပြီး စခန်းထဲဝင်နိုင်ပြီ။ ဒီနေ့မနက်တော့ အပြီးသတ် သိမ်းပိုက် ရှင်းလင်းလိုက်ခြင်းဖြစ်တယ်။ လောလောဆယ်တော့ ဆင်ဘိုမြို့ကို သိမ်းပိုက်လိုက်ပြီ ပြောလို့ရတယ်”ဟု  KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

ဆင်ဘိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၃ စီး ရဟတ်ယာဉ် ၂ စီးနဲ့ အပြင်းအထန်ဗုံးကြဲခုခံခဲ့ပြီး တိုက်ပွဲတွင်းနှစ်ဖက်အကျအဆုံးများတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရင်းမှူးတစ်ဦးကို အရှင်ဖမ်းမိထားပြီး နောက်တစ်ဦးဟာ တိုက်ပွဲတွင်းသေဆုံးခဲ့တယ်လို့ သတင်းတွေထွက် ပေါ်နေပေမယ့် ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုနိုင်တာမရှိသေးဘူးလို့ ဗိုလ်မှူကြီးနော်ဘူကပြောပါတယ်။

ဆင်ဘိုမြို့ကနေ ၃ မိုင်လောက်အကွာမှာရှိတဲ့ စစ်ကောင်စီ ခလရ ၁၄၁ တပ်ရင်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဆင်ဘိုမြို့အနီးပတ်ဝန်းကျင်အားလုံး KIA ဘက်က ဝိုင်းဝန်းနေရာယူထားလိုက်ပြီး စစ်ကောင်စီ ခလရ ၁၄၁ တပ်ရင်းကို တိုက်ခိုက်လိုက်၊ နားလိုက်နဲ့ ၁ လကျော် ကြန့်ကြာနေတာဖြစ်ပါတယ်။

ဒါပေမဲ့ ဧပြီလ ၂၅ ရက်နေ့ကစပြီး ၄ ကြိမ်မြောက်အဖြစ် ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ရာ  ၃ ရက်အပြင်းအထန်တိုက်ခိုက်ပြီး စစ်တပ်စခန်းကို  အပြီးသတ်သိမ်းပိုက်လိုက်ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဆင်ဘိုအနီးတဝိုက် စစ်တပ်စခန်းအားလုံး ရှင်းလင်းသွားပြီဖြစ်လို့ ဆင်ဘိုမြို့ကို KIA အပြီးအပိုင်သိမ်းပိုက်ထားနိုင်တဲ့အခြေအနေမှာရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။

ဆင်ဘိုစခန်း လက်မလွတ်ရေးအတွက် စစ်ကောင်စီဘက်က စခန်းသိမ်းတိုက်ပွဲကာလတစ်လျှောက်လုံး လေကြောင်းနဲ့ အပြင်းအထန်ခုခံခဲ့တာဖြစ်ပါတယ်။

“မနေ့ကမနက် ဆင်ဘိုစခန်းထဲဝင်တဲ့အချိန် လက်နက်ပစ္စည်းတချို့နဲ့ ကားတွေ သိမ်းဆည်းသွားနိုင်တာရှိတယ်။ အဲဒီနောက် လေယာဉ်တွေနဲ့ အပြင်းအထန်ပြန်လာတိုက်ခိုက်တယ်။ မနက် ၁၀ လောက်ကနေ ဆင်ဘိုဘက်ဖုန်းလိုင်းတွေလည်း အားလုံးပျက်သွားတယ်။ ဂျက်လေယာဉ်က စခန်းပတ်ဝန်းကျင် အတကုန်လာကြဲတယ်။ ရဟတ်ယာဉ်က မြို့ဘက်ကို ပစ်တယ်” ဟု ဆင်ဘိုဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ဆင်ဘိုစခန်းသိမ်းတိုက်ပွဲမှာ နေအိမ်တွေထိခိုက်ပျက်စီးတာတွေရှိသလို အရပ်သားထိခိုက်သေဆုံးမှုလည်း ၅ ဦးထက်မနည်းရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်တဲ့ ဆင်ဘိုမြို့က စစ်ကောင်စီ ခလရ ၁၄၁ တပ်ရင်းဟာ နှစ် ၂၀ ကျော်တပ်စွဲနေတဲ့ တပ်ရင်းကြီးတစ်ခုဖြစ်ပြီး ဗန်းမော် – မြစ်ကြီးနား ရေကြောင်းလမ်းမှာ စစ်တပ်ရဲ့အရေးပါတဲ့ တပ်ရင်းကြီးတစ်ခုလည်းဖြစ်ပါတယ်။

မြစ်ကြီးနားခရိုင် ဧရာ၀တီမြစ် ပထမမြစ်ကျဉ်းရဲ့ မြစ်ညာဘက် ၁၄ မိုင်အကွာမှာရှိတဲ့ ဆင်ဘိုမြို့ဟာ အရင်က ကျေးရွာကလေးသာ ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်ကစပြီး မြို့အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဆင်ဘိုမြို့တွင်း အိမ်ခြေ ၁၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ထိုးစစ်ဆင် စခန်းသိမ်းတိုက်ပွဲ စစ်ဆင်ရေးအတွင်း စစ်တပ်ရဲ့ ဆင်ဘိုအပါအဝင် စခန်းကြီး၊စခန်းငယ် စုစုပေါင်း စခန်းပေါင်း ၇၀ ကျော်သိမ်းပိုက်ရရှိထားပြီလို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

May 15, 2024
မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA...
May 13, 2024
ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅...
May 10, 2024
ကချင်ပြည်နယ် ဆွမ်ပရာဘွမ့်မြို့နယ် ဖုန်ကျန်းကျေးရွာတံတားမှာ နှစ်ပေါင်း ၃၀ အကြာတပ်စွဲနေထိုင်တဲ့...
May 9, 2024
ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA...