နိုင်ငံတကာမှ ပံ့ပိုးကူညီမှုများ ရရှိနိုင်ရန် အပစ်ရပ် (၇)ဖွဲ့ 7 EAO Alliance ကြိုးပမ်းဆောင်ရွက်နေဟုဆို

နိုင်ငံတကာမှ ပံ့ပိုးကူညီမှုများ ရရှိနိုင်ရန် အပစ်ရပ် (၇)ဖွဲ့ 7 EAO Alliance ကြိုးပမ်းဆောင်ရွက်နေဟုဆို

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ ( 7 EAO Alliance)   ဦးဆောင်အဖွဲ့  အစည်းအဝေးကို အွန်လိုင်းဖြင့် ကျင်းပပြီးစီးခဲ့ကြောင်း စုံစမ်းသိရသည်။

မေလ (၇) ရက်မှ (၈) ရက်နေ့အထိ  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 EAO Alliance)  ဦးဆောင်အဖွဲ့ အစည်းအဝေးကို အွန်လိုင်းမှတဆင့် ၂ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပြီး လက်ရှိလုပ်ငန်းစဉ်ကို သုံးသပ်ခြင်းအပြင် နိုင်ငံတကာမှ ကူညီပံ့ပိုးမှုများ ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း အစည်းအဝေး တက်ရောက်သူများထံမှ သိရသည်။

“ အစည်းအဝေး ၂ ရက်တာမှာ အဓိက ဆွေးနွေးဆုံးဖြတ်တာကတော့ 7 EAO Alliance ရဲ့ လက်ရှိလုပ်ငန်းစဉ်တွေ၊ ရည်ရွယ်ချက် ရည်မှန်းချက်တွေကို ဆွေးနွေးအတည်ပြုပြီး သတ်မှတ်တာ ရှိတယ်။ နောက်တစ်ချက်က 7 EAO Alliance စုဖွဲ့မှုရဲ့ အဝိုင်းအဝန်းထဲမှာဆိုရင် လုပ်ငန်းကော်မတီ ၆ ခုမှာ တာဝန်ပေးအပ်တာ ရှိတယ်”ဟု 7 EAO Alliance ပြောရေးဆိုခွင့်ရှိသူ KNU/KNLA(PC)မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အွန်လိုင်းဖြင့် တွေ့ဆုံခဲ့သည့် ယခုအစည်းအဝေးသည် 7 EAO Alliance ဦးဆောင်မှုကော်မတီ၏ ပထမဆုံးအကြိမ် အစည်းအဝေးဖြစ်ပြီး ဦးဆောင်ကော်မတီဝင်များ၊ အတွင်းရေးမှူးနှင့် အကြံပေးများ၊ အထူးဖိတ်ကြားထားသူများ အပါအဝင် ၂၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း အစည်းအဝေး တက်ရောက်သူများထံမှ သိရသည်။

“ 7 EAO Alliance အနေနဲ့ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှု ရရှိနိုင်ဖို့ ကိုယ့်အတိုင်းအတာနဲ့ကိုယ် ကြိုးပမ်းဆောင်ရွက်တာတွေတော့ ရှိပါတယ်။ သို့သော် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံအစိုးရနဲ့ ပံ့ပိုးကူညီ ဆောင်ရွက်မှုတွေ ရနိုင်အောင် ထဲထဲဝင်ဝင် ထိတွေ့ဆက်ဆံ ပြောဆိုနိုင်တဲ့ အခင်းအကျင်းကတော့ မရှိသေးပါဘူး”ဟု 7 EAO Alliance ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မေလ (၇) ရက်မှ (၈) ရက်နေ့အထိ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် 7 EAO Alliance အဖွဲ့ဝင် (၇)ဖွဲ့စလုံး ပါဝင်တက်ရောက်ခဲ့သော်လည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) အနေဖြင့် ကိုယ်စားလှယ်အမည်စာရင်းမတင်သွင်းရသေးဘဲ အထူးဖိတ်ကြားထားသူအနေဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ ပြီးခဲ့တဲ့ ထိပ်သီးအစည်းအဝေး အထိပေါ့လေ ဒီ(၇)ဖွဲ့က အပြည့်အဝ တက်ရောက်တယ်။ သို့သော်လည်း PNLO အနေနဲ့ကတော့ လက်ရှိ သူတို့အဖွဲ့ကြားမှာ တိုင်ပင်ညှိနှိုင်းဆွေးနွေးဖို့ ကိစ္စရပ်တွေ ရှိတဲ့အတွက်ကြောင့်ပေါ့။ အခု အစည်းအဝေးမှာတော့ အထူးဖိတ်ကြားထားတဲ့ ကိုယ်စားလှယ်အနေနဲ့ သူတို့ဆွေးနွေးတာတော့ ရှိပါတယ်”ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆက်ပြောသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့သည် မတ်လ(၁၇/၁၈)ရက်တို့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး စုဖွဲ့မှုပုံစံအသစ်အဖြစ် “7 EAO Alliance”ကို ပြင်ဆင်ဖွဲ့စည်းကာ အဖွဲ့ခေါင်းဆောင်အဖြစ် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် မွန်ပြည်သစ်ပါတီ NMSP ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်း တို့ကို တာဝန်ပေးအပ်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်ကလည်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် သည်  RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဧပြီလ တတိယပတ်ကလည်း ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP တို့အပြင် အခြားသော လက်နက်ကိုင်အဖွဲ့များနှင့်လည်း သီးခြားတွေ့ဆုံခဲ့ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြသည်။

ယင်းကဲ့သို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများသည် ထိုင်းအစိုးရနှင့် သက်ဆိုင်ခြင်းမရှိဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် မာရစ် ဆင်ညမ်ဖုန်က မေလ ၇ ရက်တွင် ပြောဆိုလိုက်ကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

Most read this week

May 18, 2024
သျှမ်းတောင်၊ ရွာငံမြို့နယ်တွင်ကျေးရွာ ဥက္ကဌ အပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးကို...
May 17, 2024
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်တွေကြောင့်...
May 17, 2024
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် မပေါက်ကွဲသည့် ဗုံးကို သွားရောက်ထိမိရာမှ...
May 16, 2024
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ကရင်နီဘက်မှရောက်ရှိလာသည့် စစ်ရှောင်များ...